ဘားအံ ဖေဖော်ဝါရီ ၁၁
၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး မီနီမာရသွန် အပြေးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)၊ သီရိကွင်း၌ ကျင်းပရာ အမျိုးသား ၂၀၀ ဦး၊ အမျိုးသမီး ၁၂၇ ဦး စုစုပေါင်း အမျိုးသား/အမျိုးသမီး ၃၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်က (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ရာ အမျိုးသမီးအပြေး ပြိုင်ပွဲတွင် ဘားအံမြို့အားပတ်၍ ၁၀ ဒဿမ ၄၅ ကီလိုမီတာ၊ အမျိုးသားအပြေးပြိုင်ပွဲတွင် ၁၆ ဒဿမ ၉၃ ကီလိုမီတာ အကွာအဝေးတွင် ပြန်လည်ပန်းဝင်ခဲ့ကြသည်။
ထိုသို့ အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုနှင့် ပြန်လည်ပန်းဝင်လာမှုတို့အား ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆုရရှိခြင်းမရှိသည့် အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင်အားကစားသမား အမှတ်စဉ် ၃၀ မှ ၈၀ ထိရရှိကြသူများအား ပြိုင်ပွဲဝင်(ပန်းဝင်)ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပြိုင်ပွဲကျင်းပအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု (၆) မှ (၃၀) ထိ ရရှိကြသူများအား တစ်ဦးချင်းလည်ဆွဲဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မင်းသူကျော်က အမျိုးသမီးအသက်အငယ်ဆုံး ပြိုင်ပွဲဝင်ဆု၊ အသက်အကြီးဆုံးပြိုင်ပွဲဝင်ဆုနှင့် ပဉ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယနှင့် ပထမဆု ရရှိကြသူများကို တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားများကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းက အမျိုးသား အသက်အငယ်ဆုံးပြိုင်ပွဲဝင်ဆု၊ အသက်အကြီးဆုံးပြိုင်ပွဲဝင်ဆုနှင့် ပဉ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယနှင့် ပထမဆု ရရှိကြသူများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)