သရက်ချောင်းမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့အခမ်းအနားကျင်းပ

သရက်ချောင်း ဖေဖော်ဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီက မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌‌အောင်မြင့်သိန်းက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေး/သူငယ်များ၏ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန် ဆရာမများအနေဖြင့်စနစ်တကျသင်ကြားစေလိုကြောင်း စသည့်အကြောင်းအရာများဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက မြန်မာနိုင်ငံကလေးများနေ့အခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်းနှင့် အခုလိုအခမ်းအနားဖြစ်‌မြောက်အောင် ဝိုင်းဝန်းကူညီ‌ပေးကြသူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများအား ရင်သွေးငယ်များမှ အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေကြရာ မြို့နယ်၊ စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌‌အောင်မြင့်သိန်းနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးနှင့် ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် မိဘများက ကြည့်ရှုအားပေးခဲ့ကြပြီးနောက် ရင်သွေးငယ်များအား လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ အခမ်းအနားရုတ်သိမ်းလိုက်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)