ထားဝယ် ဖေဖော်ဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က တိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ ထားဝယ်ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်က တိုင်းဒေသကြီးအနေဖြင့် လူဦးရေ(၁၅)သိန်းခန့်ရှိသည့်အတွက် လူဦးရေအချိုးနှင့် တွက်ပါက စားသုံးဆီလိုအပ်မှုမှာ ပျှမ်းမျှတစ်လ တန်(၁၉၆၀)ခန့် လိုအပ်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက်စားအုန်းဆီ တစ်လတန် (၃၅၀)အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တင်သွင်းလာသော စားအုန်းဆီများအနက် အသင်းဝင်ကုမ္ပဏီများမှတစ်ဆင့် တနင်္သာရီတိုင်း ဆီကိုယ်စားလှယ်များကို လစဉ်ရည်ညွှန်းသတ်မှတ်ဈေးဖြင့် ဖြန့်ခွဲပေးလျက်ရှိကြောင်း၊ ယခုလိုအစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းပြီး ဒေသပြည်သူများ စားသုံးဆီလုံလောက်စွာရရှိနိုင်ရေးအတွက် တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို လာရောက်ဖွဲ့စည်းပေးပါသော မြန်မာနိုင်ငံဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းအားကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွက် လိုအပ်သော စားသုံးဆီများကိုလည်း ပိုမိုရရှိအောင် ပူးပေါင်းဆောင်ရွက်ပေးပါရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဦးဌေးမိုးက ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား ကျင်းပရခြင်း ၏ရည်ရွယ်ချက်အား ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးက စားအုန်း ဆီများကို ထားဝယ်ခရိုင်တွင် တန်(၁၅၀)၊ မြိတ်ခရိုင်တွင် တန် (၁၄၀)၊ ကော့သောင်းခရိုင်တွင် တန် (၆၀)ခန့်တို့ကို စားသုံးသူပြည်သူ လက်ဝယ်အရောက် လက်ကားဆိုင်များမှတစ်ဆင့် ၂ % အမြတ် ထက်မပိုဘဲ နေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးများက တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ တိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ စီမံခန့်ခွဲရေးကော်မတီဝင်များတို့က အဆင့်ဆင့် စိစစ်၍ အတည်ပြုရွေးချယ် တင်မြှောက်ခဲ့ကြကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)