သာကေတမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

သာကေတ ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၂) ရက်နေ့၌ ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် (၁၀) နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCenter) ခန်းမတွင် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခဲ့သည်။

ရှေးဦးစွာ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ ကိုလိုနီကျွန်ဘဝရောက်ခဲ့ပုံ စည်းလုံးညီညွတ်ရေးအရေးကြီးပုံ ပင်လုံညီလာခံကျင်းပပုံ မမမေ့အပ်သည့် နေထူးနေ့မြတ်ဖြစ်ကြောင်းစသည့် အကြောင်းအရာများနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်၊ ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အမှတ် (၁၉) အခြေခံပညာမူလတန်း ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင်စုနေ့ အဓိဋ္ဌာန်ခေါင်းစဥ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စိတ်ကြိုက်ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဂိမ်းကစားနည်းများကို ပျော်ရွှင်စွာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုများအား ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရှိရသည်။

သဲထက်ဇင် (ပြန်/ဆက်)