လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

လိပ်သို ဖေဖော်ဝါရီ ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အဖြစ်  ကျောင်းသား/ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နေ့လယ် ၁၁ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ (ပြ) နော်ဖလောရင်းဟန်က နောင်အနာဂတ်တွင် တိုင်းပြည်တာဝန်ထမ်းဆောင်ကြရမည့် ကလေးသူငယ်များအား အလေးထား ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ကလေးများနေ့ကို သတ်မှတ်ကျင်းပခဲ့ကြောင်းနှင့် ကမ္ဘာ့ကလေးများနေ့အဖြစ် သတ်မှတ်ရခြင်း ရည်ရွယ်ချက်များအား အသိပညာပေး ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်နှင့် ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ကြက်ခွပ်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ သားရေကွင်းစွပ်ပြိုင်ပွဲနှင့် ထိုင်ခုံလုပြိုင်ပွဲတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ မူလတန်းနှင့် အလယ် တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၁) ဦးက ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များနှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူများ ဗဟုသုတ ရရှိစေရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်ဖလောရင်း