လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

လိပ်သို ဖေဖော်ဝါရီ ၁၁

လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ တက္ကသိုလ်စိုးမိုးနိုင် ရေးသားသော အောင်မြင်သူတို့၏နှလုံးအိမ်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာ/ထောက်-၃(ပြ) နော်ဖလောရင်းဟန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ပြီး အသိအမြင်ဗဟုသုတတိုးပွားစေခြင်း၊ စာဖတ်ဝါသနာပါသူ အချင်းချင်းပိုမိုရင်းနှီးစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမှာဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် စောသီဟရွှေက “ကျွန်ုပ်တို့ ဇွဲရှိကြရလိမ့်မည်” ခေါင်းစဉ်အောက်မှ “ယနေ့ အောင်မြင်သူများကို လေ့လာကြည့်မည်ဆိုလျှင် ဘဝပန်းတိုင်ရှိမှု၊ ဉာဏ်ပညာနှင့်အရာရာကို စဉ်းစားဝေဖန်ပိုင်းခြားမှု၊ အချိန်ကို အလဟဿမဖြုန်းတီးမှု၊ အပျော်အပါးကင်း၍ စည်းစနစ်ရှိမှု၊ မိမိလုပ်သောအလုပ်တွင်လည်းကောင်း၊ လေ့ကျင့်သင်ကြားမှုတွင်လည်းကောင်း ပြည့်ဝအောင်ဆောင်ရွက်မှု၊ မဖြစ်မနေ အောင်မြင်မှု ရအောင် ဆောင်ရွက်တတ်မှုစသော အရည်အချင်းကောင်းများကို တွေ့မြင်ရမှာဖြစ်ကြောင်း ” စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန်ဆွေးနွေး ခဲ့ကြ သည်။

စာရေးဆရာ တက္ကသိုလ်စိုးမိုးနိုင် ရေးသားသော “အောင်မြင်သူတို့၏နှလုံးအိမ်” စာအုပ်အားဖတ်ရှုခြင်းဖြင့် ဘဝတက်လမ်းအတွက် ကြိုးပမ်းအားထုတ်လိုစိတ်များ ဖြစ်ပေါ်လာမှာ ဖြစ်ကြောင်း သိရသည်။

နော်ဖလောရင်း