ကျောက်ဆည်မြို့၌ ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ် မသုံးစွဲစေရေး ပြည်သူများအား Recycle Bag အိတ်များနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ဆည် ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ‌မြေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်းများ လျှော့ချနိုင်ရေး ကျောက်ဆည်မြို့အတွင်းရှိ မီးပွိုင့်လမ်းဆုံများ၌ ယမန်နေ့နံနက်ပိုင်းက လမ်းသွား၊ လမ်းလာပြည်သူများအား Recycle Bag အိတ်များနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ဖူးဟန် ဦးဆောင်၍ ဝန်ထမ်းများက ပလတ်စတစ်/ကြွပ်ကြွပ်အိတ် မသုံးစွဲစေရေး ပလတ်စတစ်အိတ်များအသုံးပြု၍ ဈေးရောင်းဈေးဝယ်ခြင်းမပြုလုပ်ကြရန် အသိပညာပေးခြင်း၊ လမ်းသွားလမ်းလာသူများထံသို့ Recycle Bag ကြွပ်ကြွပ်အိတ်အစားထိုး စျေးဝယ်အိတ်များနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အသိပညာပေးလက်ကမ်းစာစောင်၌ ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်များ၊ ဆိုးကျိုးများအကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုများမဖြစ်စေရေး လုပ်ဆောင်သင့်သည့်လုပ်ငန်းများ၊ ပလတ်စတစ်ညစ်ညမ်းမှုကို ဖြေရှင်းနိုင်သည့်နည်းလမ်းများအကြောင်းများ ပါဝင်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)