မြဝတီမြို့ ဘုရင့်နောင်စျေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲ ကျင်းပ

မြဝတီ ဖေဖော်ဝါရီ ၁၁

ကရင်ပြည်နယ်၊  မြဝတီမြို့ရှိ ပြည်သူများ  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်စပ်လျဥ်း၍ အသိ၊ သတိရှိစေရန်ရည်ရွယ်ကာ လထခဃ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ အချိန်က မြဝတီမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ဈေး တာဝန်ခံ၊ ဈေးသူဈေးသားများနှင့်အတူ အမှတ်(၄)ရပ်ကွက်ရှိ ဘုရင့်နောင်ဈေးကြီးအတွင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် မှု သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ဇင်ဟိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊လူမှုကူညီရေးအသင်းအဖွဲ့များ၊ နယ်​​မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက် ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြား ခဲ့ပြီးမြဝတီမြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ  ဦးကျော်ဇင်ဟိန်းက ဈေးသူ၊ ဈေးသားများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်း၊ မီးသတ်ဆေးဘူး တွင်ပါဝင်သည့် သတိပြုရမည့်အချက်များနှင့် မီးသတ်ဆေးဘူးအသုံးပြု ပုံအဆင့်ဆင့်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီးမီးသတ်တပ်ဖွဲ့ဝင်များ၊   မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ စျေးသူစျေးသားများက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ အရေးပေါ်ရေပိုက်ဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။ အလားတူ မြဝတီမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများနှင့် ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)