မြစ်သား ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ နှင့် ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၀ နာရီက မြို့နယ်သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သဘာပတိမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဝင်းတင်က အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးက အစည်းအဝေး ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ သမဝါယမအသင်းများက လုပ်ငန်းဆောင်ရွက်ရာတွင် အသင်းဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိက နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်ပတ်သက်၍ သမဝါယမအသင်းအဆင့်ဆင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ များအား ရှင်းလင်းပြောကြား သည်။
ထို့နောက် မြို့နယ်သမဝါယမအသင်းစု ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းအားလည်းကောင်း၊ အမှုဆောင်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်များနှင့် အသင်းစာရင်းစစ်အစီရင်ခံစာအားလည်းကောင်း၊ အသင်းအမှု ဆောင်အဖွဲ့မှ ဖတ်ကြားရှင်းလင်းတင်ပြ၍ တက်ရောက်လာသည့် အသင်းဝင်ကိုယ်စားလှယ်များထံမှ သဘာပတိက အမှုဆောင်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုချက်များ ရယူဆောင်ရွက်ခဲ့သည်။
နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့ သဘာပတိမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဝင်းတင်၊ မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများမှ အသင်းဝင်ကိုယ်စားလှယ်များစုစုပေါင်း ၇၁ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)