မိတ္ထီလာမြို့နယ်၌ နွေစပါးစိုက်ပျိုးဧက ၁၀၉၀ နှင့် အခြားသီးနှံစိုက်ဧက ၅၀ စိုက်ပျိုးသွားရန် သတ်မှတ်လျာထားပြီး ပျိုးထောင်ရေများ စတင်လွှတ်ပေး

မိတ္ထီလာ ဖေဖော်ဝါရီ ၁၁

မိတ္ထီလာမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ခုနှစ်တွင် နွေစပါးသီးနှံနှင့် အခြားသီးနှံစိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန်၊ တမံများမှ ပျိုးထောင်ရေများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်လွှတ်ပေးလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ နွေစပါးနှင့် အခြားသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေဖူလုံစေရေးတို့ အတွက် ဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ အစိုးရထိန်း ဆည်၊ ကန်၊ တမံများမှ လယ်ယာမြေ စိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးရေ လုံလောက်စွာရရှိသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းကာ လုပ်ငန်းများ အဆင်ပြေလျက်ရှိသည်။ ယခုနှစ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာကန်၊ မုန်တိုင်ဆည်နှင့် ချောင်းကောက်ဆည်ရေတို့ဖြင့် နွေစပါးစိုက်ဧက ၁၀၉၀ နှင့် အခြားသီးနှံ စိုက်ဧက ၅၀ တို့ကို စိုက်ပျိုးသွားမည်ဖြစ်ရာ ၎င်းဆည်ကန်တမံများဖြင့် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရန် ပျိုးထောင်ရေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍  လွှတ်ပေးလျက်ရှိသည်။

အဆိုပါ နွေစပါးနှင့် အခြားသီးနှံများကို မိတ္ထီလာကန်၊ မုန်တိုင်ဆည်နှင့်  ချောင်းကောက်ဆည် ရေတို့ဖြင့် ထမုန်ကန်၊ ညောင်ကိုင်း၊ ခင်လူး၊ လျှော်ဖြူကန်၊ ဇောင်ချမ်းကုန်း၊ ကဖြူ၊ ညောင်ကန်၊ ကန်သာ၊ မြာ၊ သီးကုန်း၊ မုန်တိုင်ကျေးရွာအုပ်စု ၁၀ အုပ်စုရှိ ကျေးရွာ ၁၂  ရွာမှ တောင်သူများက စိုက်ဧက ၁၀၉၀ စိုက်ပျိုးသွားမည်ဖြစ်ပြီး အခြားသီးနှံကို   မိတ္ထီလာကန်ရေဖြင့် ကဖြူကျေးရွာအုပ်စု တွင် စိုက်ဧက ၅၀ တို့ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)