နေပြည်တော် ဖေဖော်ဝါရီ ၁၁
၂၀၂၆ ခုနှစ် နေပြည်တော်အဆင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိသည့် သံဃာတော် ၂၆ ပါးနှင့် သီလရှင်တစ်ပါးတို့ကို သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းမှာဖြစ်ကြောင်း၊ အခမ်းအနားတွင် ဆရာတော်ကြီးများ အဆင်ပြေချောမွေ့စွာ အချိန်မီကြွရောက်နိုင်ရေးနှင့် ပြန်လည်ကြွရောက်နိုင်ရေး၊ သံဃာတော်များနှင့် သီလရှင်များအား ယာယီသီတင်းသုံးနိုင်ရေးတို့ကို စနစ်တကျ စီမံဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆွမ်းဆန်တော်များ ကြိုတင်လောင်းလှူနိုင်ရေးအတွက် စနစ်တကျလက်ခံဆောင်ရွက်ခြင်းနှင့် စနစ်တကျလောင်းလှူနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်မှ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်သာသနာရေးမှူး ဦးထွန်းမြင့်အောင်က နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပမည့် ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိကြသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
နေထက်ပိုင်(ပြန်/ဆက်)