လိပ်သို ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့တွင်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၉ ရက်က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နော်ဖလောရင်းဟန်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ စာဖတ်ခြင်းသည် အာရုံစူးစိုက်မှုအားကောင်းလာခြင်း၊ ဦးနှောက်၏မှတ်မိနိုင်စွမ်းရည်ကို တိုးမြင့်လာစေခြင်း၊ လူအများနှင့် စကားပြောဆိုဆက်ဆံရာတွင် လူစိတ်ဝင်စားအောင်ပြောဆိုနိုင်ခြင်း၊ အသိပညာဗဟုသုတများ ပြန်လည်မျှဝေနိုင်ခြင်းစသည့် ဘဝအတွက် ကောင်းကျိုးအခွင့်အလမ်းများကို ဆောင်ကြဉ်းပေးကြောင်း၊ အသိပညာဗဟုသုတ ကြီးမားကျယ်ပြန့်ရန်အတွက် အကောင်းဆုံးနှင့်အလွယ်ဆုံးနည်းလမ်းမှာ စာပေဖတ်ရှုမှတ်သားခြင်းပင်ဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်များဖြစ်သော လူငယ်လူရွယ်များအနေဖြင့်နိုင်ငံနှင့် လူမျိုးအကျိုးစွမ်းဆောင်နိုင်သူများ ဖြစ်လာစေရန်အတွက် စာကောင်းပေမွန်များ လေ့လာဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်သင့်ကြောင်း ပြောကြားသည်။
ဟောပြောပွဲအပြီးတွင် “အသိပညာဗဟုသုတကြွယ်၀ဖို့ စာအုပ်စာပေဖတ်ကြစို့” အသိပညာပေး နံရံကပ်စာစောင်ပြသခဲ့ရာ ဒေသနေပြည်သူများနှင့် ကျောင်းသားကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နော်ဖလောရင်း