မြိတ်တက္ကသိုလ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာပဒေသာကပွဲ ကျင်းပ

မြိတ်   ဖေဖော်ဝါရီ    ၁၀

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာပဒေသာကပွဲကို တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ဈေးရောင်းပွဲတော်ကို တက္ကသိုလ်ရင်ပြင်တွင် ကျင်းပသည်။

ဈေးရောင်းပွဲတော်တွင် မြိတ်တက္ကသိုလ်ဘာသာရပ်ဌာနအသီးသီးမှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများမှ မြိတ်ဒေသ၏ အစားအစာများနှင့် အစားအသောက်များ ရောင်းချကြ၍ ဈေးရောင်းပွဲတော်ကို ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းအိနှင့် တာဝန်ရှိသူများက  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဈေးရောင်းပွဲတော်အား ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းရင်းသားရိုးရာပဒေသာကပွဲကို ဘွဲ့နှင်းသဘင်ခန်းမတွင် ဆက်လက်ကျင်းပရာ  ပါမောက္ခချုပ်က ပြည်ထောင်စုစိတ်ဓာတ်သည် အရေးကြီးကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ရှိကြမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရန်အတွက် အခမ်းအနားကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ (၂၇)နှစ်မြောက် မြိတ်တက္ကသိုလ်တည်ထောင်ခြင်းအထိမ်းအမှတ် အကောင်းဆုံးသုတေသနစာတမ်းဆုရရှိသူများအား ဂုဏ်ပြုဆုများနှင့် စာတမ်းရှင်များအားဂုဏ်ပြုမှတ်တမ်းများ၊ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများ၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများကို မြိတ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် မြိတ်တက္ကသိုလ်ဘာသာရပ်ဌာနများမှ ကျောင်းသားကျောင်းသူများက ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသူများက တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )