ကော့သောင်း ဖေဖော်ဝါရီ ၁၀
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ပြည်နယ်နှင့်ခရိုင်၊ မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံကြီးများတွင် ကျန်းမာရေးစစ်ဆေးမှု (Medical Check up) ခံယူမည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးအခြေအနေများကို စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကော့သောင်းပြည်သူ့ဆေးရုံအုပ် ဒေါက်တာလင်းထိုက်ဦးဆောင်၍ အထူးကုဆရာဝန်ကြီးများ၊ သမားတော်များ၊ ဆရာဝန်များ၊ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် (၁) ပါး၊ တိုင်းဒေသကြီးသံဃာ့ဝန်ဆောင်ဆရာတော်(၁)ပါး၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယကအဖွဲ့ဆရာတော် (၁၀)ပါး၊သီလရှင်ဆရာကြီး (၃)ပါးတို့အား ကျန်းမာရေး စမ်းသပ်စစ်ဆေးပေး၍ လိုအပ်သည့်ကုသမှုများ ဆောင်ရွက်ပေးသည်။
အဆိုပါ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ သံဃာတော်များနှင့်သီလရှင်များအား ကျန်းမာရေးစစ်ဆေးမှု (Medical Check up) ဆောင်ရွက်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့် လာရောက်ကြည့်ရှုအားပေးပြီး ကျန်းမာရေး အခြေအနေများကို မေးမြန်းလျှောက်ထားကာ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)