ပူတာအိုမြို့နယ် ဒါဂိုရှီဇားကျေးရွာ၌ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

ပူတာအို ဖေဖော်ဝါရီ ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သင်္ဘောသီး၊ ဘုရင်သီး၊ နာနတ်သီးစသည်တို့အား ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များထွက်ပေါ်လာစေရန်၊ သွင်းကုန်အစားထိုးတန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်လုပ်လာနိုင်ခြင်းဖြင့် ပြည်ပမှဝယ်ယူရသော စားသောက်ကုန်များ တင်သွင်းမှုလျော့ချနိုင်လာစေရန်၊ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်သည့် နည်းပညာများ ပြန့်ပွားခြင်းဖြင့် စိုက်ပျိုးတောင်သူနှင့် စားသောက်ကုန်လုပ်ငန်းရှင်များ ဝင်ငွေတိုးပွား၍အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရန်၊ သင်တန်းဆင်းများ ထုတ်လုပ်သည့် တန်ဖိုးမြှင့်အစားအစာများ စနစ်တကျဓာတ်ခွဲစမ်းသပ်၍ လုံခြုံစိတ်ချစွာ စားသောက်နိုင်ရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းဖြင့် အသေးစားစက်မှုလုပ်ငန်းရှင်များ တိုးပွား၍ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုလာစေရန်အတွက် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ (၉) ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် ဒါဂိုရှီဇားကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေညွှန့်က အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားလာမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် ဒေသထွက်သီးနှံများကို တန်ဖိုးမြှင့်စားသောက်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန် သင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ ဓာတုဗေဒတာရှည်ခံဆေးများ အသုံးပြုပုံနှင့် မှားယွင်း အသုံးပြုခြင်းကြောင့် စားသုံးသူများအတွက် ဘေးဥပဒ်အန္တရာယ်များဖြစ်စေနိုင်သော အကြောင်းအရာများကို အသိပညာ၊ ဗဟုသုတများအဖြစ် သင်ကြားပြီး လက်တွေ့လေ့ကျင့် ပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသည့် အသိပညာများနှင့် နည်းပညာများကိုပေါင်းစပ်၍ မိမိအတွက်သာမက မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားသင်ယူသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခမ်းကိုင်က သင်တန်းသုံးသီးနှံကုန်ကြမ်း ပစ္စည်းများအား သင်တန်းသူတစ်ဦးထံ လွှဲပြောင်းပေးအပ်သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက သင်တန်းသုံးကုန်ကြမ်းပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။

အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ် ဒါဂိုရှီဇားကျေးရွာမှ သင်တန်းသူစုစုပေါင်း (၂၀) ဦးတို့အား ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရု(ယို/ဖျော်ရည်/ဝိုင်)၊ ခရမ်းချဉ်သီးယို၊ နာနတ်သီးဖျော်ရည်၊ ကျောက်ဖရုံယို၊ အမေရိကန်သံပရာယို၊ သင်္ဘောသီးယို(အချို/အစပ်)၊ ဘုရင်သီးဖျော်ရည်၊ အာလူးကြော်ပြုလုပ်နည်းများကို ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက ဖေဖော်ဝါ ရီ (ရက်နေ့မှ(၁၃) ရက်နေ့အထိ သင်တန်းကာလငါးရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)