ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း သူနာပြု-သားဖွားဒီပလိုသင်တန်းကျောင်း မောင်/မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၀

ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြု-သားဖွားသင်တန်းကျောင်း၊ မြစ်ကြီးနား၌ ၂၀၂၆ ပညာသင်နှစ် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ (၂)နှစ်သင်တန်းသို့တက်ရောက်ကြမည့် သင်တန်းသား/ သင်တန်းသူများ၏ မောင်/မယ်သစ်လွင်ကြိုဆိုပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက နိုင်ငံတော်အနေဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးခြင်းကို အရေးကြီးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်လျက်ရှိသကဲ့သို့ ထိုသို့မွေးထုတ်ရာတွင်လည်း ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် သင်တန်းကာလအတွင်း လုံခြုံစိတ်ချ စွာ နေထိုင်ပြီး ပညာသင်ကြားနိုင်ရေး၊ စာတွေ့/လက်တွေ့ပညာရပ်များကို ခေတ်နှင့်လျော်ညီစွာ သင်ကြား သင်ယူမှုပြုနိုင်ရန်၊ နေထိုင်စားသောက်ရေးအတွက် ရိက္ခာစရိတ်၊ ထောက်ပံ့မှုများကို စီမံဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ထိုသို့ ရင်းနှီးမြှုပ်နှံမှုများစွာ စီမံဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် ယနေ့ သင်တန်း တက်ရောက်ခွင့်ရရှိသည့် သင်တန်းသား/ သင်တန်းသူများအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစား သင်ယူ၍ မိမိတို့နိုင်ငံသားများ၏ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် သူနာပြု-သားဖွားဆရာ/ဆရာမ ကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် သူနာပြုကျောင်းအုပ် ဒေါ်ဇမီထခေါင်ဆားရ်က သင်တန်းကျောင်း၏ ၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ခွင့်ရသည့် သင်တန်း သား မောင်/မယ်သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဒုတိယနှစ် သင်တန်းသူများက တိုင်းရင်းသားရိုးရာအက အလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့အတူပြည်နယ်ဝန်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးက ၂၀၂၆ ခုနှစ်အတွက် သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့်အတူ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကျင်းပရမည်ဖြစ်သည့်အတွက် အလေးထား‌‌ဆောင်ရွက်ကြရန်နှင့် ခမ်းနားထည်ဝါစွာပြုလုပ်၍ ဆက်ကပ် ချီးမြှင့်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ကချင်ပြည်နယ်အတွင်း အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆပ်တော်ရ ရဟန်းတော် ၂ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ၂ ပါး၊ မဟာသဒ္ဒမ္မ ဇောတိကဓဇဘွဲတံဆိပ်တော်ရ ရဟန်း တော် ၃ ပါးနှင့် သီလရှင် တစ်ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ် တော်ရ ရဟန်း တစ်ပါးနှင့် သီလရှင်တစ်ပါး၊ သဒ္ဓမဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ရဟန်း ၄ ပါး စုစုပေါင်း ရဟန်းတော် ၁၂ ပါးနှင့် သီလရှင် ၂ ပါးတို့အားဘွဲ့တံဆိပ်တော်ဆက်ကပ်အပ်နှင်းခြင်း အခမ်းအနားနှင့်အတူ နေ့ဆွမ်းဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခြင်းတို့ကို ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)