လှိုင်းဘွဲ ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့(ဃ)ရပ်ကွက်အတွင်းရှိစည်ပင်သာယာမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်မှု သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းစုစုပေါင်း (၂၆၁) ခန်းရှိသည့် ဈေးအတွင်း၌ ဈေးဆိုင်ခန်းများမှ မီးသတ်ဆေးဘူးများထားရှိမှု၊ ဈေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုအနေဖြင့် အပေါ့စားမီးသတ်စက်၊ မီးသတ်ပိုက်လိပ်၊ မီးသတ်ရေငုတ်၊ မီးသတ်ရေကန်နှင့် အခြားမီးသတ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှုများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးသီဟမြင့်ဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဈေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စစ်ဆေးခဲ့ကြသည်။
ထို့နောက် ဈေးသူ၊ဈေးသားများအား မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးငြှိမ်းသတ်နည်းများကို လက်တွေ့ဆောင်ရွက်စေခဲ့ကြပြီးနောက် ဈေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်အင်အားတို့နှင့်အတူ မီးသတ်ရေယာဉ်မှ ရေပိုက်များဖြင့် မီးငြှိမ်းသတ်နည်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)