နည်းပညာတက္ကသိုလ်(ဘားအံ) (၂၀)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ်(ဘားအံ)၏ (၂၀)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက မျိုးဆက်သစ်အင်ဂျင်နီယာများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့အခြေအနေအရပ်ရပ်ကို မျက်ခြည်မပြတ်လေ့လာပြီး ကြိုတင်မျှော်တွေးတတ်ကြရန်၊ တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားကို ကျရာကဏ္ဍကနေပြီး တာဝန်ကျေပွန်စွာဆောင်ရွက်ပေးကြရန်၊ ပညာရေးသည် နိုင်ငံနှင့်လူမျိုးတို့၏ အသက်ဝိညာဉ်၊ ဖွံ့ဖြိုးမှု၏အခြေခံအုတ်မြစ်၊ လူ့အဖွဲ့အစည်းတည်ငြိမ်အေးချမ်းမှု၏ ဗဟိုဖြစ်သည့်အတွက် ပညာရည်မြင့်မားရေးဟူသည့် နိုင်ငံတော်၏ ဦးတည်ချက်များအတိုင်း ကြိုးစားဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားပြည်သူများအားလုံး၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပြီး အင်ဂျင်နီယာဘွဲ့တက်ရောက်ယူကြမည့် ဘွဲ့ယူမောင်/မယ်များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်သည့် ငွေကျပ် ၁၂၄၀၀၀ဝိ/-(တစ်ဆယ့်နှစ်သိန်းလေးသောင်းကျပ်)ကို နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ထံ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် နည်းပညာတက္ကသိုလ်(ဘားအံ)ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ် အမှူးပြုသော စီမံခန့်ခွဲရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာဝတ်ရုံများကိုဝတ်၍ အင်ဂျင်နီယာဘွဲ့အပ်နှင်းမည့် စင်မြင့်ထက်တွင် နေရာယူကြပြီး နိုင်ငံတော်အလံအားအလေးပြုကြကာ လိုအပ်သည့် ကတိခံဝန်ချက်များရယူ၍ နည်းပညာတက္ကသိုလ်(ဘားအံ)ဒုတိယပါမောက္ခချုပ်က မြို့ပြအင်ဂျင်နီယာ (၂၉)ဦး၊ အီလက်ထရောနစ်အင်ဂျင်နီယာ (၁၃)ဦး၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (၇)ဦး၊ စက်မှုအင်ဂျင်နီယာ (၁၃)ဦး၊ စုစုပေါင်း(၆၂)ဦးအား သက်ဆိုင်ရာအင်ဂျင်နီယာဘွဲ့များကို တစ်ဦးချင်း ဘွဲ့လက်မှတ်များ ပေးအပ်ခဲ့သည်။

ယင်းနောက် နည်းပညာတက္ကသိုလ်(ဘားအံ)ဒုတိယပါမောက္ခချုပ်က ဘွဲ့ရရှိသူများစာရင်းကို လက်မှတ်ရေးထိုးပြီး ဘွဲ့နှင်းသဘင်အခမ်းအနားဆိုင်ရာ မိန့်ခွန်းပြောကြားကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

နည်းပညာတက္ကသိုလ်(ဘားအံ)ကို ၁၉၉၈ ခုနှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ၊ ၂၀၀၀ ခုနျစ်တွင် အစိုးရနည်းပညာကောလိပ်၊ ၂၀၀၇ ခုနှစ်တွင် နည်းပညာတက္ကသိုလ်အဖြစ် အဆင့်ဆင့်တိုးမြှင့်ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး စတင်ဖွင့်လှစ်ချိန်မှစ၍ အေဂျီတီအိုင်ဒီပလိုမာလက်မှတ်ရရှိပြီးသူ ၁၅၄၀ ဦး၊ ဘီတက်ချ်ဘွဲ့ရရှိပြီးသူ ၁၁၇၆ ဦး၊ ဘီအီးဘွဲ့ရရှိပြီးသူ ၁၂၀၈ ဦးနှင့် အမ်အီးဘွဲ့ရရှိပြီးသူ ၅ ဦး စုစုပေါင်းဘွဲ့ရရှိပြီးသူ ၃၉၃၉ ဦး မွေးထုတ်ပေးနိုင်ခဲ့ကာ ယနေ့ (၂၀)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့ရရှိမည့်သူ (၆၂)ဦးကို ဘွဲ့အပ်နှင်းခဲ့ပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက ဘွဲ့ရမောင်မယ်များနှင့် ၎င်းတို့၏ မိဘဆွေမျိုးညီအစ်ကိုမောင်နှမများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)