မြိတ် ဖေဖော်ဝါရီ ၈
ပွင့်လင်းရာသီ ရောက်ရှိနေပြီဖြစ်၍ မီးသတိမူရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးတွင် ဖေဖော်ဝါရီ (၈) ရက် နံနက်ပိုင်းက ဈေးမီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များမှ ဈေးသူဈေးသားများအား အသိပညာပေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ကြသည်။
ဈေးများသည် ပြည်သူများ၏အရင်းအနှီးများကို စုစည်းထားသည့်နေရာ၊ မြို့ပြများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် ကုန်စည်များလည်ပတ်စီးဆင်းကာ စီးပွားရေး အချက်အချာကျသည့်နေရာ၊ နိုင်ငံ၏အရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်လည်း အဓိကအရေးကြီးသောနေရာ တစ်ခုဖြစ်သည့်အပြင် ဈေးများ မီးလောင်ဆုံးရှုံးပါက လူ့အသက်အိုးအိမ် ပစ္စည်းများ၊ မြို့ပြများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများကိုပါများစွာ ထိခိုက်နစ်နာဆုံးရှုံးရတတ်သဖြင့် ဈေးများမီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် ဈေးမီးဘေးလုံခြုံရေး ပညာပေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခြင်းဖြစ်သည်။
သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် ဆိပ်ငယ်ဈေးအတွင်းပိုင်းနှင့် အပြင်ပိုင်းနှစ်ပိုင်းခွဲ၍ ပြုလုပ်ခဲ့ကြပြီး ဈေးအတွင်း Fire Point (ဆီဗန်းမီးလောင်မှု)အား ဈေးသူ/သားများနှင့် ဈေးသီးသန့်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဆေးဘူးများဖြင့် ငြှိမ်းသတ်ခြင်းနှင့် ရေပက်ပိုက်ဖြင့် ငြှိမ်းသတ်ခြင်းပြုလုပ်ကြသည်။ ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ်နှင့်ရှာဖွေကယ်ဆယ်ရေးယာဉ်များ ရောက်ရှိကြပြီး ဈေးအတွင်းပိုင်း မီးလောင်မှုအားငြှိမ်းသတ်ခြင်း၊ ဈေးအတွင်းပိုင်းရှိ လူနာကယ်ထုတ်ခြင်းနှင့် ဒဏ်ရာရလူနာများအား ကြက်ခြေနီတပ်ဖွဲ့သို့ လွှဲပြောင်း၍ လူနာများကိုရှေးဦးပြုစုခြင်းနှင့် လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ခြင်းကို ဇာတ်တိုက်သရုပ်ပြဆောင်ရွက်ကြသည်။
ထို့နောက် ဈေးအပြင်ဘက်တွင် ဗဟိုမီးသတ်စခန်းနှင့် အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များဖြင့် ဈေး၏မျက်နှာစာလေးဘက်မှနေရာယူ၍ Fire Point နေရာအား စုပေါင်းမီးငြှိမ်းသတ်ခြင်းကို စနစ်တကျ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြရာ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြိတ်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဈေးသူဈေးသားများက ကြည့်ရှုအားပေးခဲ့ကြပြီး ဇာတ်တိုက်လေ့ကျင့်မှုအပြီးတွင် ဈေးတာဝန်ခံရုံး၌ တာဝန်ရှိသူများမှ အားသာချက်၊ အားနည်းချက်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)