ထားဝယ် ဖေဖော်ဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အစာဆေးဝါးကော်မတီဝင်များနှင့်အတူ ယနေ့နံက်ပိုင်းတွင် ထားဝယ်မြို့ရှိကုန်တိုက်များ၌ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Mobile Lab Van ဖြင့် စစ်ဆေးပြီး စားသောက်ကုန်မှတ်တမ်းတင်ခြင်းအကြောင်း အသိပညာပေးဆွေးနွေးသည်။
ထို့နောက် ကော်မတီဝင်များက ကုန်တိုက်များတွင် အစားအသောက်နမူနာ (၁၉) မျိုးဝယ်ယူပြီး (၁၄) မျိုးအား mobile lab van (ရွေ့လျားဓာတ်ခွဲယာဉ်) ဖြင့် စစ်ဆေးခဲ့ရာခွင့်မပြုတာရှည်ခံဓာတုပစ္စည်းများ ပါဝင်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိကာကျန်နမူနာ (၅) မျိုးအားတိုင်း FDA ဓာတ်ခွဲခန်းတွင် TLC method ဖြင့် ခွင့်မပြုဓာတုဆိုးဆေးများပါဝင်မှု ရှိမရှိ စစ်ဆေးခဲ့ရာ တားမြစ်ဓာတုဆိုးဆေးများ ပါဝင်မှုမရှိကြောင်း သိရသည်။
ဆက်လက်၍ကုန်တိုက်များနှင့် mini Mart များရှိ တာဝန်ရှိသူများအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် စားသောက်ကုန်များ၏ အမှတ်တံဆိပ်တွင် စားသောက်ကုန်သတ်မှတ်နံပါတ် ဖော်ပြနိုင်ရေးအတွက် စားသောက်ကုန် မှတ်တမ်းတင်ခြင်းကို FDA ၏ E-submission system မှတစ်ဆင့် လျှောက်ထားရယူနိုင်ကြောင်း အသိပညာပေးဆွေးနွေးကြောင်း သတင်းရရှိသည်။
ငွေဇင်ယော် (ထားဝယ်)