ဘားအံ ဖေဖော်ဝါရီ ၈
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းအချိန်က ဘားအံမြို့၊ ပြည်နယ်ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအားကစားပြိုင်ပွဲကို ဖေဖော်ဝါရီလ (၂)ရက်နေ့က စတင်ဖွင့်လှစ်၍ ဌာနပေါင်းစုံအသင်း (၁၆) သင်းဖြင့် အသင်းအုပ်စု (၄)စုခွဲ၍ ယှဉ်ပြိုင်ကျင်းပခဲ့ကြောင်း သိရသည်။ ၎င်းအားကစားပြိုင်ပွဲအား ကျင်းပလျက်ရှိရာ ယမန်နေ့ ညနေပိုင်းအချိန်က ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့် ပြည်နယ်ရဲတပ်ဖွဲ့အသင်းတို့ ယှဉ်ပြိုင်ရာ၌ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသင်းက (၆)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိဗိုလ်စွဲခဲ့ကြောင်း သိရသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံးဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုနှင့် အကောင်းဆုံးဂိုးသမားဆုအား ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော ပြည်နယ်လမ်းဦးစီးဌာနနှင့် ပြည်နယ်လျှပ်စစ်ဦးစီးဌာန အသင်းအား ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပြည်နယ်ရဲတပ်ဖွဲ့အသင်းအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နှင့် ပထမဆုရရှိသည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်တို့က လည်ဆွဲဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုကလပ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ယနေ့နံနက်ပိုင်းအချိန်၌ ပြုလုပ်ကျင်းပသည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်သည့် ဘားအံမြို့ မိုးလုံလေလုံအားကစားရုံ (လှာကမြင်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းသို့နေရာယူပြီး ပြည်နယ်လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အားကစားပြိုင်ပွဲမှတစ်ဆင့် ဌာနဆိုင်ရာဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးပွားစေရန်၊ လုပ်ငန်းခွင်၌ ပင်ပန်းနွမ်းနယ်မှုများအား အားကစားလှုပ်ရှားဆောင်ရွက်ခြင်းဖြင့် လန်းဆန်းတက်ကြွမှုများဖြစ်ပေါ်လာစေရန်၊ ကျန်းမာကြံ့ခိုင်သန်စွမ်းသော ဝန်ထမ်းကောင်းများဖြစ်လာစေရန်၊ အားကစားပြိုင်ပွဲမှတဆင့် ဌာနအချင်းချင်းလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်မှုစွမ်းအား ပိုမိုကောင်းမွန်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြိုင်ပွဲဝင်အသင်းများအား ချီးမြှင့်ငွေများပေးအပ်ခြင်းနှင့် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း (၂၂) သင်း၊ ပြိုင်ပွဲဝင်အားကစားသမား (၁၅၄)ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)