ဘားအံ ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ရှမ်းတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုစရိုက်လက္ခာဏာများ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်သောအားဖြင့် ရှမ်းတိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်အခါသမယဖြစ်သော ရှမ်းအမျိုးသားနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်က တိုင်းရင်းသား လူမျိုးများ၏ အမျိုးသားရေလက္ခဏာနှင့်သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေးစသည့်လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လိုအပ်သည့် အကူအညီထောက်အပံ့များကို နှစ်စဉ်ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်တွင်လည်း ရှမ်းတိုင်းရင်းသားများ၏ရိုးရာပွဲတော်များကိုလည်း စည်စည်ကားကားကျင်းပနိုင်ရေးအတွက် ဖြည့်ဆည်းကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် ရှမ်းတိုင်းရင်းသားလူမျိုးတို့၏ စကား၊ စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအတွက် ရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းများကိုလည်း ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ရှမ်းအမျိုးသားနေ့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့် ပေးအပ်သော ငွေကျပ် ၁၅၀၀၀၀၀ဝိ/-(တစ်ရာ့ငါးဆယ်သိန်း)ကို ချီးမြှင့်ပေးအပ်ခဲ့ရာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် ရှမ်းတိုင်းရင်းသားလူငယ်မောင်မယ်များက ရှမ်းရိုးရာအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြကာ ရှမ်းအမျိုးသားနေ့အခမ်းအနားကို ရှမ်းရိုးရာသီချင်းဖြင့် သီဆိုရုတ်သိမ်းခဲ့သည်။
ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ခု၊ ပြည်နယ်အစိုးရအထွေထွေပိုလျှံရန်ပုံငွေကျပ် ၂၄၆ သန်းဖြင့် ဘားအံမြို့နယ်၊ ဖားအွံကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာအဝင်လမ်း တာဘောင်မြင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)