မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများစုပေါင်း၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မိုးညှင်း ဖေဖော်ဝါရီ ၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများစုပေါင်း၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ (၆) ရက် ညနေ (၃) နာရီတွင် စုပေါင်းရုံးရှေ့ရှိ မြက်ခင်းကွင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်က ယခုတပို့တွဲလ၏ ရိုးရာပွဲတော်ဖြစ်သော ထမနဲထိုးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများ၏ စည်းလုံးညီညွတ်မှု၊ ပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်မှု၊ အဖွဲ့အစည်း စိတ်ဓာတ်ဖြစ်ပေါ်ခိုင်မာ အားကောင်းလာစေမှုနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းစောင်ရှောက်တတ်စေမှု စသည့်ရည်ရွယ်ချက်များဖြင့် ထမနဲထိုးပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အမှတ်ပေးဒိုင်ချုပ်ဖြစ်သည့် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာသန္တာအောင်က ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒိုင်အဖွဲ့ချုပ်နှင့်တကွ အမှတ်ပေးဒိုင်အဖွဲ့ဝင်များက ပြိုင်ပွဲယှဉ်ပြိုင်ကြမည့် အသင်းများမှ ပါဝင်ပစ္စည်းများ ခင်းကျင်းပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကြပြီးနောက် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ ပါဝင်ယှဉ်ပြိုင်သည့် ပြုင်ပွဲဝင်အသင်း စုစုပေါင်း (၁၂)သင်းတို့က မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း အမှတ်ပေးသတ်မှတ်ချက်များနှင့်အညီ အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်ကြရာ ခရိုင်/မြို့နယ်သက်ဆိုင်ရာဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မြို့ပေါ်ရပ်ကွက်မှ ပြည်သူများက အိုးစည်ဒိုးပတ်၊ သံချပ်များဖြင့် တီမှုတ်ကခုန်ကာ မြိုင်မြိုင်ဆိုင်ဆိုင် ပျော်ရွှင်စွာအားပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ထမနဲထိုးပြိုင်ပွဲသို့ တက်ရောက်လာကြသည့် မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် ဝသုန်စိုး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းတို့၏ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ပြိုင်ပွဲတွင်ဆုရရှိကြသည့် အသင်းများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း