သီပေါ ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ရုံးခန်းမ၌ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ် ဒေါက်တာစိုးမင်းထွေးက မြို့နယ်အတွင်း ဆောင်ရွက်မည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာတွင် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများနှင့် သွားလာရန်ခက်ခဲသည့် ကျေးလက်ဒေသများပါမကျန် ၂၀၂၆ ခုနှစ်မှ စတင်ကာ (၉)လ အရွယ်ကလေးငယ်များအား ပိုလီယိုရောဂါ ကာကွယ်ဆေးထိုးဆေး ဒုတိယအကြိမ်၊ အသက် (၉)နှစ်မှ (၁၀)နှစ် အထိ မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးတို့အား ကျန်းမာရေးဝန်ထမ်းများမှ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများအပြင် အမီလိုက်ကာကွယ်ဆေး ထိုးခြင်းများကိုလည်း ပြည့်မီအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ ဆေးရုံအုပ် ဒေါက်တာစိုးမင်းထွေးနှင့် အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်နိုင်နိုင်လင်းက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)