တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကျင်းပ

တံတားဦး ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မြို့နယ်ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပကြောင်း သိရသည်။

ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘိုမောင်က အမှာစကားပြောကြားသည်။ ယင်းနောက်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ငယ်သူထွန်းက စစ်တုရင်ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စစ်တုရင်ပြိုင်ပွဲကြီးကြပ်မှုကော်မတီဝင် ဦးမြင့်ကြိုင်သန်းက ပြိုင်ပွဲ၏စည်းကမ်းများကို ရှင်းလင်းပြောကြား သည်။

အဆိုပါကစားပွဲမစတင်မီ ကစားသမားများအားမဲနှိုက်၍ အလှည့်ကျယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ဒါ့အပြင်ပြိုင်ပွဲတွင်အုပ်စုလေးစုခွဲ၍ ပါဝင်ယှဉ်ရမည်ဖြစ်ကြောင်း၊ စစ်တုရင်ကစားနည်းဖြင့် ကစားသမားများအား စိတ်တည်ငြိမ်မှုရရှိခြင်း၊ ဦးနှောက်ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်ခြင်း၊ ပြသနာဖြေရှင်းနိုင်စွမ်းရှိခြင်း၊ အာရုံစူးစိုက်မှုမြင့်မားခြင်း၊ ပညာရေးကဏ္ဍတွင် အထောက်အကူပြုခြင်းအစရှိသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကိုနှစ်ရက်ကြာကျင်းပမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)