နေပြည်တော် ဇန်နဝါရီ ၂၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ချောင်းခွ ကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၂၁၅၄) ကွင်း တောင်သူ ဦးအောင်ဆန်း၏ ဆောင်းမြေပဲပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါကွင်းအတွင်းရှိ စိုက်ပျိုးမြေများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြေအရည်အသွေး (HP) တိုင်းတားစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ စိုက်ပျိုးမြေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြေပဲစိုက်ခင်းအတွင်း ပိုးသတ်ဆေးဖြန်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ပင်ငါးမြှောင်-ချောင်းခွချောင်းတိမ်လမ်းပေါ်ရှိ ချောင်းခွရွာအဝင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ရေကျော် ၇၀ ပေ ပြုပြင်ခြင်း လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင်ဆာင်ရွက်ရန်၊ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက် သွားရန်မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ချောင်းခွကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိရာ ကျောင်းထိုင်ဆရာတော်အား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဒေသခံတောင်သူများ၊ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသူများ နှင့်တွေ့ဆုံ၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးသွားရန်၊ စိုက်ပျိုးမြေများ ပြုပြင်ခြင်း၊ စိုက်ပျိုးရေရရှိအောင် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရန်နှင့် နည်းစနစ်မှန်ကန်သည့် စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးသွားရန်၊ စိုက်ပျိုးရေးထွက်ကုန်များမှ ကုန်ချောများထုတ်လုပ်ပြီး ဈေးကွက်နှင့် ဈေးကောင်းရရှိအောင် တင်ပို့ရောင်းချနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိအောင် သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ မြေစမ်းသတ်မှုများ ဆောင်ရွက်ပြီး စိုက်ပျိုးမြေကို ကောင်းမွန်အောင်ဆောင်ရွက်သွားရန်၊ ရိုးပြတ်များကို မီးမရှို့ပဲ သဘာဝမြေဩဇာဆွေးများပြုလုပ်၍ သုံးစွဲသွားရန်နှင့် မိမိတို့ ကျေးရွာအုပ်စုအတွင်းရှိ စာသင်ကျောင်းများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများ သန့်ရှင်းသာယာလှပရေးနှင့် ပန်းအလှပင်များ စိုက်ပျိုးသွားရန် မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများအား ရေဆင်းစပ် မျိုးနေကြာ-၁၊ ပိုက်ဆံလျှော်၊ သဘာဝမြေဩဇာနှင့် နယ်မြေခံ လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား စားသောက်ဖွယ်ရာများနှင့် ဆန်များပေးအပ်ခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အဆိုပါဘုန်းတော်ကြီးကျောင်း၌ လယ်ဝေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်အခြေအနေများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း-၃ စီမံချက်ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ် ချောင်းခွကျေးရွာအုပ်စု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ချောင်းခွ- ပင်ငါးမြှောင်- ချောင်းတိမ်ကျေးရွာချင်းဆက်လမ်းအား ကျောက်ရောမြေ ဖြင့်လမ်းအနိမ့်အမြင့်ဖြေ၍ ပြုပြင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများ သတ်မှတ်အချိန်အတွင်း အပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောက်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်သွားရန်၊ လမ်းပခုံးသားများစနစ်တကျ ဆောင်ရွက်သွားရန်နှင့် လမ်းဘေးရေမြောင်းများ စနစ်တကျ ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် လယ်ဝေးမြို့နယ်၊ H-1 လမ်း(ရန်ကုန်-မန္တလေးလမ်းဟောင်းမှ မြို့ရှောင်လမ်း) အထိ မူလ (၂၄ ပေ)အကျယ် (၂)လမ်းသွား ကွန်ကရစ်လမ်းမှ (၄၈ ပေ)အကျယ် (၄)လမ်းသွား ကွန်ကရစ်လမ်းအဖြစ် တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူ များအား လုပ်ငန်းများအမြန်ပြီးစီးအောင် လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသည့်ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင်အသုံးပြုရေး၊ ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
အဆိုပါ (H1 လမ်း)တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းအား ကုမ္ပဏီသုံးခုခွဲ၍ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၅၇ ဒသမ ၉ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ရန်မျိုးသန့်စင်လမ်း ကျောက်ကတ္တရာဖြင့် ပြုပြင်ခြင်းလုပ်ငန်းသို့ သွားရောက်ပြီး ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်ကိုက်ညီအောင် တာဝန်ရှိသူများမှ အချိန်ပြည့် အနီးကပ်ကြီးကြပ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရေငန်းဆည်ပြုပြင်ခြင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီဆောင်ရွက်သွားရန်၊ ဆည်အင်္ဂါရပ်များနှင့်ကိုက်ညီအောင် ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ရတနာအောင်မြေလမ်း၊ သုခတော်ဝင်အိမ်ရာအနီး Box Culvert တည်ဆောက်ခြင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဓနသိဒ္ဓိရပ်ကွက်ရှိ ချောင်းမငယ်ဆည်မှ ရေကို ဆင်အုံကန်မှတစ်ဆင့်ထပ်တိုးရရယူပြီး မူလရေပေးဝေရေးစနစ်အတွင်း ပေးပို့မည့် တစ်နေ့ရေဂါလံ ခြောက်သန်းဆံ့ ရေစစ်ကန်တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)