ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (၆၂)နှစ်မြောက် အထိမ်းအမှတ် ယဉ်ကျေးမှုဖလှယ်ပွဲ ၂၀၂၆ အခမ်းအနား ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၇

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (၆၂)နှစ်မြောက် အထိမ်းအမှတ် ကျင်းပသည့် ယဉ်ကျေးမှုဖလှယ်ပွဲ ၂၀၂၆ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ COE Hall တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ သံရုံးများမှ တာဝန်ရှိသူများ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယဉ်ကျေးမှု ဖလှယ်ပွဲသည် ဘာသာစကားတစ်ခုနှင့်တစ်ခု ပူးပေါင်းပြီး အချင်းချင်း အသိပညာများကို ဖလှယ်ကြကာ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ သင်ယူထားသည့် ပညာများကို လက်တွေ့ အသုံးချ တတ်စေရန်၊ ကျောင်းတော်ကြီး၏ စည်းလုံးမှုရှိမှ အောင်မြင်နိုင်မည်ဆိုသည့် နားလည်စေသည့် အခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံခြားဘာသာစကားတင်မက မြန်မာဘာသာစကားကိုပါ ကမ္ဘာက သိရှိ နားလည်လာအောင် စွမ်းဆောင်‌ပေးနိုင်ပြီး အင်မတန် အဖိုးမဖြတ်နိုင်သည့် မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းများကို နိုင်ငံတကာက သိအောင် ဆောင်ရွက်ပေးနေသည့် ရှေ့တန်းမှ ပါဝင်ဦးဆောင်နေသည့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ကြီး၏ ယဉ်ကျေးမှု ဖလှယ်ပွဲ အခမ်းအနားတွင် ပြောကြားခွင့် ရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်မိကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မေစန်းရီက ကြိုဆို နှုတ်ခွန်း ဆက်စကား ပြောကြားသည်။

ယင်းနောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက “အစဉ်လာ ဝင့်ထည် YUFL” သီချင်းဖြင့် လည်းကောင်း၊ “မင်္ဂလာပါ” သီချင်းဖြင့် လည်းကောင်း၊ “ဂျပန်ရိုးရာ” အကဖြင့် လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (၆၂)နှစ်မြောက် အထိမ်းအမှတ် ယဉ်ကျေးမှုဖလှယ်ပွဲ ၂၀၂၆ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မေစန်းရီက လက်ခံရယူခဲ့ပြီး အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့် ငွေများကို ပေးအပ်ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ခင်းကျင်းပြသ ထားသည်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

၀၉၉၆၁၇၆၅၂၆၂