မြစ်ကြီးနား ဇန်နဝါရီ ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အပျော်စီးရေပေါ်စက်ဘီးစီးဆိုင်အား ပထမဆုံးအကြိမ်အဖြစ် မြို့နယ်စည်ပင်သာယာရေး ရုံးအနီး ဧရာဝတီမြစ်ကမ်းဘေး၌ ယမန်နေ့က စတင်ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း သိရသည်။
ရေပေါ်စက်ဘီးစီးဆိုင်ဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ “ကျွန်တော်တို့ ဒီဆိုင်လေးကို ဖွင့်ဘို့ရည်ရွယ် တာကြာပါပြီ၊ အခုက ကိုဗစ်ကာလဆိုတော့ စာသင်ကျောင်းတွေကလဲ ပိတ်ထားတယ်ဆိုတော့ မြို့ပေါ်မှာရှိတဲ့ လူငယ်တွေလမ်းမှား မရောက်အောင် မူးယစ်ဆေးဝါးနဲ့လည်းဝေးအောင်၊ ကျန်းမာရေး အတွက်လည်းကောင်းအောင်ဖွင့်လှစ်ထားတာပါ၊၊ ဆိုင်ကိုတော့ ဇန်နဝါရီလ (၅)ရက်နေ့က စတင်ဖွင့်လှစ် ခဲ့တာပါ၊ ဖွင့်တဲ့နေ့က အခမဲ့စီးခွင့်ပေးပါတယ်၊ စက်ဘီးစီးခဆိုရင် တစ်ဦးကို နာရီဝက် (၃၀၀၀)ကျပ်နှုန်း၊ နှစ်ဦးဌားမယ်ဆိုရင်တော့ (၅၀၀၀)ကျပ်နှုန်းနဲ ဌားပေးသွားမှာပါဟု ဆိုင်ပိုင်ရှင် ဦးဆိုင်းခွမ်က ပြောသည်။ ရေပေါ်စက်ဘီးစီးသူများအနေဖြင့် စက်ဘီးပေါ်မတက်မီ အသက်ကယ်အင်္ကျီများ ဝတ်ဆင်ပြီးမှ စီးရမည် ဖြစ်ကြောင်းနှင့် အကယ်၍ စက်ဘီးနင်းသူများမောပန်း၍မနင်းနိုင်ပါက အသက်ကယ် အင်္ကျီပေါ်ရှိ ခရာကို မမှုတ်လိုက်ပါက ကျွန်တော်တို့ ဝန်ထမ်းများက စက်လှေနဲ့သွားကြိုပေးရမှာပါ”ဟု ဆိုင်ပိုင်ရှင် ဦးဆိုင်းခွမ်က ထပ်မံ ပြောကြားသည်။
အဆိုပါ ရေပေါ်စက်ဘီးစီးဆိုင်ဖွင့်ချိန်ကို နံနက် (၈)နာရီမှ ညနေ (၅)နာရီထိ ဖွင့်သွားမှာဖြစ်ပြီး၊ ယခုလို ရေပေါ် စက်ဘီးစီးဆိုင်ကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်တော်ကြီးဒေသနှင့် ဗန်းမော်မြို့တို့တွင် ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
စိန်ဝင်း(ပြန်/ဆက်)