ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်တွေ ဇန်နဝါရီ ၁၃

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားလူငယ်များအတွက် အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်ယ်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွက် အဘက်ဘက်မှစွမ်းရည်ပြည့်ဝသည့် မျိုးဆက်သစ်လူငယ်များ ပေါ်ပေါ်က်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရန်၊ မိမိပြည်နယ် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များ ပိုမိုဖြစ်ထွန်းလာစေရန် ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်များ၊ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်များ ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူခြင်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် (၂) ကြိမ် ဆောင်ရွက်ခဲ့ပြီး ယခုအခါထပ်မံ၍ အဆင့်မြင့်စက်ချုပ်သင်တန်းကို ဆက်လက်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသူများ အားလုံးက အခြေခံအားဖြင့် တတ်မြောက်ပြီးဖြစ်၍ အဆင့်မြင့် စက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အဆင့်မြင့်စက်ချုပ်သင်တန်းသူများအနေဖြင့် ခေတ်နှင့်လျော်ညီသည့် အရည်အသွေးမြင့်လက်ရာများကို ဖန်တီးနိုင်ရန်၊ အဆင့်မြင့် ပုံစံဒီဇိုင်းရေးဆွဲနည်း၊ ခေတ်မီအထည်အမျိုးအစားများကို ကိုင်တွယ်အသုံးချနည်းနှင့် စက်အသုံးပြုမှု နည်းပညာများကို လက်တွေ့ကျကျလေ့လာသင်ယူကြရမည်ဖြစ်ပြီး အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ယခုအဆင့်မြင့်စက်ချုပ်သင်တန်းပြီးဆုံးသည့်အခါ စက်ချုပ်ပညာရပ်ကို ကျွမ်းကျင်းပိုင်နိုင်ပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးထူထောင်နိုင်သည့်ထိ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ စက်ချုပ်ပညာသည် မိမိဝင်ငွေနှင့် မိသားစုဝင်ငွေတိုးပွားစေရုံသာမက စီးပွားရေး အခွင့်အလမ်း၊ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သည့် ပညာရပ်ဖြစ်ကြောင်း၊ အဆိုပါ ပညာကနေတဆင့် သင်တန်းသူများအနေနှင့် ကိုယ်ပိုင်လက်ရာများကို ယုံကြည်မှုရှိရှိ ဖန်တီးလာနိုင်မည်ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း ကြိုးစားအားထုတ်မှု၊ စည်းကမ်းရှိမှုနှင့် တီထွင်ဖန်တီးမှုတို့ဖြင့် အလေးထားသင်ယူကြရန်လိုအပ်ကြောင်း၊ နည်းပြဆရာမများ၏ သင်ကြားပြသမှု၊ လမ်းညွှန်မှုများကို လေးစားလိုက်နာကာ မေးမြန်းသင်ယူမှုများ ပြုလုပ်၍ မိမိတို့၏ အနာဂတ်အတွက်သာမက မိမိမိသားစုအကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးတို့ကို မိသားစုစိတ်ဓာတ်ဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်တို့က အဆင့်မြင့်စက်ချုပ်သင်တန်းအတွက် ချီးမြှင့်ငွေနှင့် သင်ထောက်ကူ ပစ္စည်းများပေးအပ်ကြပြီး သင်တန်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက် လာကြသူများနှင့် သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့တည်နှစ် (၂၀၀) ပြည့် အထိမ်းအမှတ် နာရီစင် (အဟောင်း) အား အများပြည်သူများ လာရောက်ကြည့်ရှု လေ့လာနိုင်ရန် နာရီစင် (အဟောင်း) ၌ စစ်တွေမြို့၏ ရှေးဟောင်းဘုရားစေတီများ၊ အထင်ကရနေရာများပြသထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသား၊ သင်တန်းသူများ လာရောက်လေ့လာနိုင်မှုတို့ကို သွားရောက်ကြည့်ရှုကြသည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုအစည်းအဝေးသည် ရခိုင်ပြည်နယ်၏ အနာဂတ်ကို ဦးဆောင်ကြမည့် သားကောင်းရတနာ၊ သမီးကောင်း ရတနာများအတွက် အနာဂတ်ရောင်ခြည် ပွင့်လန်းလာစေရန် မေတ္တာပေါင်းကူးတံတား ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၏ သင်ကြားပို့ချလမ်းညွှန်မှုများသည် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက်များစွာ အထောက်အကူဖြစ်ပြီး အောင်မြင်ရေးကို ဦးတည်မည်ဖြစ်ကြောင်း၊ စစ်တွေတက္ကသိုလ်နှင့် အခြေခံပညာမှ ဆရာ၊ ဆရာမများ၊ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရပ်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များနှင့် တွေ့ဆုံပြီး ဘာသာရပ်ဆိုင်ရာများ ပို့ချဆွေးနွေးခဲ့ပြီးဖြစ်သည့်အတွက်ကြောင့် ရခိုင်ပြည်နယ်၏ အောင်ချက်မြင့်မားရေး မျှော်မှန်းချက်ကိုပိုပြီး အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်သော ကိစ္စအဝဝကို အင်အားပြည့် ကူညီထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုနှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်စာမေးပွဲသည် ယခင် ပညာသင်နှစ်များကို ကျော်လွန်ပြီး ဂုဏ်ထူးရရှိသူ များသထက်များလာမှာကို တွေ့မြင်လိုကြောင်း၊ ထိုကဲ့သို့ အောင်မြင်အောင် လုပ်ဆောင်ရန် လူတစ်ဦးတစ်ယောက်၏ အားနှင့် ဆောင်ရွက်ခြင်းထက် ပေါင်းစည်းအားဖြင့် ဆောင်ရွက်မှသာ ပိုမိုအောင်မြင်မှုရရှိလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တွေတက္ကသိုလ်မှ ပါမောက္ခများနှင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံပေးပြီး ပေါင်းစည်းဆောင်ရွက်မည့်အားကို တည်ဆောက်ခြင်းဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး၊ အောင်ချက်မနိမ့်ကျရေး၊ စာမေးပွဲတွင် မသာမာမှုကင်းရှင်းပြီး ယခင်နှစ်များထက် အောင်ချက်မြင့်မားသော ဂုဏ်ထူးရှင်များစွာ ရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြပြီး စစ်တွေမြို့နယ် ပညာရေးမှူးနှင့် Video Conference စနစ်ဖြင့် တက်ရောက်ကြသည့် မြို့နယ်ပညာရေးမှူးများက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ အခြေခံပညာအထက်တန်း၊ အထက်တန်းကျောင်း(ခွဲ)ကျောင်းများမှ ဆရာကြီး၊ ဆရာမကြီးများက မိမိတို့ကျောင်းအလိုက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် သင်ကြားပို့ချပေးနေမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် စစ်တွေတက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူးများက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့်အချက်များ၊ သင်ကြားပို့ချပေးမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)