ကျွန်းစု ဇန်နဝါရီ ၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ)၊ မြန်မာအီလက်ထရောနစ်မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တိုင်းအဆင့်တာဝန်ရှိသူများသည် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တာဝန်ရှိသူများအား ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများဆွေးနွေးသည်။
ဆွေးနွေးရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (တနင်္သာရီတိုင်းတာဝန်ခံ)က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် ပြည်သူများဆန္ဒမဲပေးရာ၌ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးသည့်အခါ အချိန်ကြန့်ကြာမှုမရှိစေရန်နှင့် မဲရုံများတွင် တာဝန်ရှိသူများအနေဖြင့် မဲပေးစက်များ တပ်ဆင်အသုံးပြုရာတွင် အခက်အခဲများဖြစ်ပေါ်တတ်၍ စနစ်တကျတပ်ဆင်၍ အသုံးပြုရန် တို့ကိုပြောကြားခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက မဲပေးမှုစနစ်ကောင်းမွန်ရေး၊ မဲပေးစက်များသယ်ယူပို့ဆောင်ရေး၊ မဲပေးစက်များအဆင့်အသင့်ဖြစ်နိုင်ရေး၊ မဲပေးစက်ကိုင်တွယ်အသုံးပြုမည့်သူများ အဆင့်အသင့်ဖြစ်စေရေး၊ လုံခြုံရေးကောင်းမွန်ရေးနှင့် ရွေးကောက်ပွဲကျင်းပရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသန့်ဇင်က မဲပေးမည့်နေ့တွင် မှတ်ပုံတင်ပျောက်ဆုံးမှုများ ဖြစ်ပွားနိုင်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အရေးပေါ်မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးရန်တို့ကို လည်းကောင်း၊ တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ ဦးထိန်လင်းဦး က မဲရုံများ၌ တာဝန်ရှိသူများသည် ရွေးကောက်ပွဲနေ့တွင် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျလုပ်ဆောင်ကြရန်တို့ကို လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက ဥယျာဉ်ပိုင်း၊ ပင်လယ်ပိုင်း၊ လယ်တောပိုင်းတို့ရှိ မဲရုံများရှိရာ ကျေးရွာများသို့ မဲပေးစက်များ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် ရွေးကောက်ပွဲဆိုင်ရာများကို လည်းကောင်း ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး က ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် အဖွဲ့သည် မြို့ပေါ် အမှတ် ၁ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်နှင့် ကတ္တလူကျေးရွာတို့၌ မြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် သွားရောက်တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲပေးစက်ကိုင်များ ကြိုတင်ဆန္ဒမဲပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)