မြိတ် ဇန်နဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ(၇)ရက် မွန်းလွဲပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် မြို့နယ်များအေးချမ်းအောင်မြင်စွာကျင်းပပြီးစီးရေး၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာဆန္ဒမဲပေးနိုင်ရေး၊ သွားလာရခက်ခဲသည့် ပြည်သူများဆန္ဒမဲပေးရာတွင် သွားလာမှုအဆင်ပြေစေရေးဆောင်ရွက်ပေးကြရန်နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်အောင်ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များအလိုက် လုံခြုံရေးဆိုင်ရာများကို စနစ်တကျဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မဲပေးစက်များ သက်ဆိုင်ရာမဲရုံအလိုက် စနစ်တကျပို့ဆောင်ပေးလျက်ရှိကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးဆန္ဒမဲပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို ကဏ္ဍအလိုက် စနစ်တကျအောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးများက မြို့နယ်များအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက်ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )