စစ်တွေ ဇန်နဝါရီ ၇
စစ်တွေမြို့တည်နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့ကို ၁၈၂၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုနှစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် မြို့သက်တမ်း အားဖြင့် နှစ်(၂၀၀)ပြည့် ဖြစ်ကြောင်း၊ စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဩဝါဒစရိယ ဆရာတော်ကြီးများ အမှူးပြုသည့် နာယကအဖွဲ့နှင့် ပွဲတော်ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များကို ဖွဲ့စည်းထားရှိပြီး ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအသီးသီးမှ ဆောင်ရွက်မည့် လုပ်ငန်းများအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့က လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် ကျင်းပမည့်ရက်သည်လည်း နီးကပ်လာပြီဖြစ်၍ လိုအပ်ချက်များကိုလည်း ဆောင်ရွက်နေကြပြီဖြစ်သည်ဟုသိရကြောင်း၊ ယခုအစည်းအဝေးတွင် ကော်မတီအလိုက် ဆောင်ရွက်ချက်များအား ပြီးပြတ်အောင်ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားကြရန် ပြောကြားသည်။
ယင်းနောက် စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော်ဖြစ်မြောက်ရေး ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းရွှေ၊ အတွင်းရေးမှူး ဦးအောင်ကြည်မိုးနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက မြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် တက်ရောက်လာကြသူများက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ် ပွဲတော် ကျင်းပနိုင်ရေးအတွက် ချီးမြှင့်သည့် ငွေကျပ်သိန်း(၃၀၀)အား ပြည်နယ် ဝန်ကြီးချုပ်က ပေးအပ်ရာ ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး