ရခိုင်ပြည်နယ် စစ်တွေမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပ

စစ်တွေ ဇန်နဝါရီ ၄

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ကျင်းပရာ ခေတ္တရခိုင်ပြည်နယ် ဝန်ကြီးချုပ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့်ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နံနက် ၄ နာရီ မိနစ်၂၀ အချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို ဂုဏ်ပြုတပ်ဖွဲ့က လွှင့်တင်ပြီး အမှတ်(၄)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူး၊ ရဲမှူးချုပ် ဝင်းကျော်နိုင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားကိုယ်စားလှယ်များက နိုင်ငံတော်အလံကို အလေးပြု ကြသည်။

ထို့နောက် နံနက် ၇ နာရီတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကိုကျင်းပရာ တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စစ်ကြောင်းတို့က စစ်ကြောင်းချီတက်ပြီး စစ်ရေးပြမှူးက ဦးဆောင်ကာ ခေတ္တရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား အလေးပြုကြသည်။

ဆက်လက်၍ ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအားအလေး ပြုကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ခေတ္တရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီး ကျော်သူရက ဖတ်ကြားသည်။

ဆက်လက်၍ ခေတ္တပြည်နယ်ဝန်ကြီးချုပ်သည် လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ မြို့မိ၊ မြို့ဖများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ကျောင်းသား၊ ကျောင်းသူများအား  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ဆက်လက်၍ ခေတ္တပြည်နယ်ဝန်ကြီးချုပ်သည် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဂုဏ်ပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ကာ အခမ်းအနားသို့တက်ရောက်လာကြသည့် တိုင်းရင်းသားကိုယ်စားလှယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် ခေတ္တရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီး ကျော်သူရ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်း၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိန်းအောင်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ခေတ္တရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် လောကာနန္ဒာစေတီ တော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ခေတ္တရခိုင်ပြည်နယ် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။ ယင်းနောက် ခေတ္တရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက် ပဓာန နာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒ မဟာထေရ် မြတ်ထံမှ ခေတ္တရခိုင်ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် ပြည်နယ်သာသနာရေးမှူးရုံးမှ သာသနာရေးလက်ထောက်-၃ ဦးသိန်းထွန်းက ပင့်ဖိတ်ထားသော နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)