ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲများကျင်းပ

ကရင် ဇန်နဝါရီလ ၄

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို နိုင်ငံတစ်ဝန်း ကျင်းပဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်အတွင်းရှိ လှိုင်းဘွဲ့မြို့နယ်၊ မြဝတီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် စသည့်မြို့နယ်များတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အသီးသီးရှိ အလံတင်အခမ်းအနား ကျင်းပရာနေရာများ၌ နံနက် ၄ နာရီ ၂၀ မိနစ်တွင် ကျင်းပရာ နိုင်ငံတော်အလံအား ရဲတပ်ဖွဲ့ဝင်များက အလံတိုင်ထိပ်သို့လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံအား ခရိုင်/မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မီးသတ်နှင့်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အသင်းအဖွဲ့များမှပုဂ္ဂိုလ်များက စုပေါင်းအလေးပြုကြသည်။

ထို့နောက် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများကို ကျင်းပကြရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး  သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား သက်ဆိုင်ရာခရိုင်/မြို့နယ်များမှတာဝန်ရှိသူများက ဖတ်ကြားကြပြီး (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားများသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြန်/ဆက်