မြစ်ကြီးနား ဇန်နဝါရီ ၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်း မိုးကောင်းနှင့် နမ္မတီးမြို့တို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်တာဝန်ခံ၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲအဖွဲ့ခွဲ အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြရာ ဘင်ခရာပန်းပွားအဖွဲ့နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ကြိုဆိုခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင် ဒေသကို အကျိုးပြုနိုင်မည့် ပုဂ္ဂိုလ်များ၊ ဒေသအတွက် လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မည့် ပုဂ္ဂိုလ်များကို ကိုယ်တိုင်ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း (၂)အဖြစ် မိုးကောင်းမြို့နယ်အတွင်း ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဘက်ဘက်မှ တတ်နိုင်သမျှ ပြည့်စုံအောင် ရွေးကောက်ပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်က အပိုင်းလိုက် ကျင်းပဆောင်ရွက်သွားမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာ မဲပေးနိုင်ရေးအတွက် လာမည့်ရွေးကောက်ပွဲ အပိုင်း (၂)တွင် ပါဝင်သည့် မိုးကောင်းမြို့နယ်အတွင်းမှ ပြည်သူများအား မဲပေးရာတွင် အဆင်ပြေချောမွေ့စေရေး မဲစာရင်းနံပါတ်ပါ တုံကင်ဖြတ်ပိုင်းပုံစံများအား အိမ်တိုင်ရာရောက် ဖြန့်ဝေပေးအပ်သွားမည်ဖြစ်သည့်အပြင် မဲရုံများတွင်သို့ လာရောက်ရာတွင်လည်းကောင်း၊ မဲပေးရာတွင် မြန်ဆန်မှုရှိစေရေးအတွက်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးသွားမည့် အစီအမံများနှင့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့၊ တပ်မတော်တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်က ရွေးကောက်ပွဲ အပိုင်း (၂)တွင် ပါဝင်သည့် မိုးကောင်းမြို့နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကချင်ပြည်နယ်တာဝန်ခံက မိုးကောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌထံ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများထံ ဖြန့်ဝေပေးနိုင်ရေးအတွက် မဲစာရင်း အမှတ်စဉ်နှင့် မဲရုံအမှတ်ပါဝင်သော (Voter list number Slip) များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ ဘင်ခရာပန်းပွားအတွက် ချီးမြှင့်ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်အတွင်း ပိုင်ရှင်ဒေါ်အိအိလှိုင်၏ ခြံဝင်းအတွင်း ငါးမွေးမြူရေးလုပ်ငန်းနှင့် အသားတိုးဝက်ကောင်ရေ ၃၆ ကောင် မွေးမြူထားရှိမှု၊ ငါးကန်အတွင်း ငါးမျိုးများ စိုက်ထည့်မွေးမြူထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တိရစ္ဆာန်အစာ ဝယ်ယူရရှိနိုင်ရေးနှင့် စနစ်တကျ မွေးမြူနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေးအထောက်အကူပြု ဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မိုးကောင်းမြို့မှ နမ္မတီးမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြပြီး နန့်လှိုင်ခေတ်မီစံပြကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မတည်ပေးမှုဖြင့် ဝက်မွေးမြူရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ခဲ့သော ပိုင်ရှင်ဒေါ်ပွေးစိန်၏ နေအိမ်ခြံဝင်းအတွင်း အသားတိုးဝက်ကောင်ရေ ၆၀ ကျော် မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ မွေးမြူရေးအထောက်အကူပြု ဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကာ ကျေးရွာကလေးများ အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် နမ္မတီးမြို့သို့ရောက်ရှိပြီး မြို့တော်ခန်းမ၌ ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများ၊ ယာယီတိမ်းရှောင်စခန်းအသီးသီးမှ အိမ်ထောင်စုများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြရာ ဘင်ခရာအဖွဲ့၊ ကချင်ရိုးရာအကအဖွဲ့နှင့် ဒေသခံပြည်သူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ မြို့တော်ခန်းမ၌ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နမ္မတီးမြို့၌ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေး အခါအခွင့်သင့်သလို လာရောက်ထောက်ပံ့ပေးအပ်လျက်ရှိသည့်အပြင် နိုင်ငံတော်မှလည်း ထောက်ပံ့ကြေးများ လစဉ်ပေးအပ်လျက်ရှိပါကြောင်း၊ ထို့အပြင် အိမ်ထောင်စုများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးကိစ္စရပ် အခက်အခဲများကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လာမည့်အချိန်များတွင်လည်း ယခုလို ထောက်ပံ့ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယနေ့အချိန်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်လျက်ရှိသည့်အတွက် မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ကိုင်ပေးနိုင်မည့် ကိုယ်စားလှယ်လောင်းများကို မိမိတို့ကိုယ်တိုင် ရွေးချယ်တင်မြှောက်ခွင့်ရပြီဖြစ်ရာ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး မဲပေးကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မဲပေးရာတွင်လည်း အဆင်ပြေလွယ်ကူစွာ မဲပေးနိုင်ရေး အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က နမ္မတီးမြို့အတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆောင်ရွက်ပေးထားသော ယာယီတိမ်းရှောင်စခန်းများမှ အိမ်ထောင်စုများအတွက် ဆန်အိတ် (၂၅၀)၊ ခြုံစောင်အထည် (၁၀၀)နှင့် အားကစားအထောက်အကူပြုပစ္စည်းများကိုလည်းကောင်း၊ အလှူရှင် ဦးရဲရင့်ဆွေက အိမ်ထောင်စုများမှ ကျောင်းသားကလေးငယ်များအတွက် ဗလာစာအုပ်များနှင့် စာရေးကိရိယာများကိုလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် အိမ်ထောင်စုများကိုယ်စား တာဝန်ခံတစ်ဦးက ယာယီတိမ်းရှောင်စခန်းများအတွက် လိုအပ်ချက်များနှင့် မြို့မိမြို့ဖ ဦးတင်စိုးက မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တွင်းလမ်းများ၊ ကုန်ထုတ်လမ်းများပြုလုပ်ပေးနိုင်ရေးနှင့် နမ္မတီးတိမ်ပင်လယ်အပန်းဖြေစခန်းနေရာတွင် We Love Nanmati ဆိုင်းဘုတ်တပ်ဆင်ပေးနိုင်ရေး စသည့် လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နမ္မတီးမြို့ ဘင်ခရာအဖွဲ့အတွက် ထောက်ပံ့ငွေများကို ချီးမြှင့်ထောက်ပံ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)