မြစ်ကြီးနား ဇန်နဝါရီ ၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ဒီဇင်ဘာ ၃၁ ရက် ညနေ ၃ နာရီက ရွေးကောက် ပွဲအပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်း အမှတ်စဉ်နှင့် မဲရုံအမှတ်ပါဝင်သော (Voter list number Slip)များ လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြည်နယ်တာဝန်ခံသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) တွင် မဲဆန္ဒရှင်ပြည်သူများ ရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေး၊ ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပခဲ့မှုအပေါ် အားနည်းချက်/အားသာချက်များကို သုံးသပ်၍ ပြည်သူများ လွယ်ကူစွာ မဲပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရေး၊ မဲစာရင်းအမှတ်စဉ်နှင့် မဲရုံအမှတ် ပါဝင်သော (Voter list number Slip)များ တစ်အိမ်တက်ဆင်း လိုက်လံပေးအပ်ရေး၊ ပေးအပ်ရာတွင်လည်း နိုင်ငံသားစိစစ်ရေးကတ်များတွင် တစ်ပါတည်း အသိပေးခြင်းများ ကပ်ထားဆောင်ရွက်ပေးရေး၊ မဲဆန္ဒရှင်စာရင်း လွယ်ကူလျှင်မြန်စွာ ရှာဖွေသိရှိနိုင်ရေးကို အလေးအနက်ထား ကူညီဆောင်ရွက်ပေးရေး၊ မဲဆန္ဒရှင်များ မဲပေးနိုင်ရေး အသိပေးလှုံ့ဆော်မှုများကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မဲပေးစက်များအား ကြိုတင်တပ်ဆင် စစ်ဆေးဆောင်ရွက်ရန်လိုပါကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲအရာရှိက အီလက်ထရောနစ်မဲပေးစက်အသုံးပြုသည့် မဲရုံအတွက် ခင်းကျင်းမှုပုံစံများနှင့်စပ်လျဉ်း၍ အကြံပြု ရှင်းလင်းတင်ပြပြီး ပြည်နယ်တာဝန်ခံက ရွေးကောက်ပွဲအတွက် မဲစာရင်းအမှတ်စဉ်နှင့် မဲရုံအမှတ် ပါဝင်သော(Voter list number Slip)များ အား တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်/ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်တာဝန်ခံက လိုအပ်သည်များအပေါ် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)