စစ်တွေ ဒီဇင်ဘာ ၃၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်က စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် အခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီးစစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ပြည်နယ်ဩဝါဒါစရိယ၊ အဂ္ဂ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ ပြည်နယ်သာသနာရေးမှူးရုံးမှ သာသနာရေးလက်ထောက်-၃ ဦးသိန်းထွန်းက ပဋ္ဌာန်းဒေသနာတော်များ နာကြားရန် နတ်ဗြဟ္မာများအား ဖိတ်ကြားသည်။ ဆက်လက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ စစ်တွေမြို့၊ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တမေဃိယက ရောင်ခြည်တော်ဖွင့် ဂါထာတော်ဖြင့် ဘုရားရှင်းအား ပင့်လျှောက်ပြီး စာချဆရာတော် ဘဒ္ဒန္တဂန္ဓာမလင်္ကာရက ပဋ္ဌာန်းအမွှမ်း ဂါထာတော်ကို ရွတ်ဖတ်ပူဇော်သည်။
ဆက်လက်၍ ဆရာတော်ကြီးများက ဦးဆောင်ကာ ဘာဏကသံဃာတော်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်အား စတင်ဖွင့်လှစ်ရွတ်ဖတ်ပူဇော်ကာ အလှည့်ကျ ဘာဏကသံဃာတော်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော် အား ဆက်လက်ရွတ်ဖတ်ပူဇော်ကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ခိုင်သဇင်ခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားသို့တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စက်ချုပ်ပညာရပ်သည် မိန်းကလေးများနှင့် လိုက်ဖက်သည့်အလုပ်ဖြစ်သကဲ့သို့ ယခုပညာရပ်ကို တတ်မြောက်ထားသူများအနေဖြင့် မိမိအိမ်တွင်နေထိုင်ရင်း ကိုယ်ဝါသနာပါသည့် သက်မွေးဝမ်းကျောင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင်ကစ၍ လုပ်ကိုင်နိုင်သောအမျိုးအစားဖြစ်ကြောင်း၊ အထည်ချုပ်လုပ်ငန်းများမှာလုပ်ကိုင်မည်ဆိုလျင်လည်း စက်ချုပ်တတ်သူဖြစ်ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် ပိုမိုသေချာစေသော လုပ်ငန်းလည်းဖြစ်ကြောင်း၊ မိမိတို့တတ်မြောက်ထားသော စက်ချုပ်ပညာနှင့် အသစ်အသစ်သော ဒီဇိုင်းများကို မိမိကိုယ်တိုင် ဖန်တီးချုပ်လုပ်နိုင်သကဲ့သို့ မိမိ၏ ဖက်ရှင်အမြင်ရှိလျှင် ဖန်တီးနိုင်သည့်စွမ်းအားအတိုင်း စိတ်ကြိုက်ဆောင်ရွက်နိုင်ကာ ပွဲလည်တင့်တယ်စေမည်ဖြစ်ကြောင်းနှင့် သင်တန်းသူများအနေဖြင့် ယခုသင်တန်းက အခြေခံကောင်းများရရှိပြီးဖြစ်သည့်အတွက်ကြောင့်ထပ်မံ၍ မိမိစိတ်ဝင်စားသည့်အပိုင်းများကိုအထူးပြု၍ ပြင်ပမှသင်ခန်းစာစာအုပ်များကိုလေ့လာကာ သင်ခန်းစာများကို မမေ့ပျောက်အောင် လက်တွေ့လုပ်ဆောင်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများ၊ သင်တန်းဆရာမများအား ဂုဏ်ပြုဆု၊ သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက သင်တန်းသူများချုပ်လုပ်ထားသည့် အဝတ်အထည်များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများသည် အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးရှေ့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်နှင့် အခြေခံစားသောက်ကုန်များကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)