ဗဟန်း မတ် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅ ခုနှစ် လူမှုထူးချွန်တံဆိပ်နှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် လွှဲပြောင်းပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမြို့တော်ခန်းမ၊ ပထမထပ်ရှိ အစည်းအဝေးခန်းမကြီး၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ်အရ ရန်ကုန်မြို့တော်ဝန်မှ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “ယနေ့ကျင်းပသည့် အခမ်းအနားသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅ ခုနှစ် လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) ချီးမြှင့်ခံရသူ အငြိမ်းစားအရာထမ်း (၁) ဦးနှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ချီးမြှင့်ခံရသူ တာဝန်ထမ်းဆောင်ဆဲ အရာထမ်း (၂၇) ဦး၊ အမှုထမ်း (၁၅၄) ဦး၊ စုစုပေါင်း (၁၈၁) ဦးတို့အတွက် ချီးမြှင့်ငွေ လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) ကျပ်ငါးသိန်းနှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများအတွက် တစ်ဦးလျှင် ချီးမြှင့်ငွေကျပ် တစ်သိန်းငါးသောင်းစီကို သက်ဆိုင်ရာဌာနမှူးများမှတစ်ဆင့် ကော်မတီက ပြန်လည်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးကဏ္ဍများမှာ ထူးခြားထက်မြတ်စွာ စွမ်းဆောင်နိုင်ခဲ့သည့် နိုင်ငံဝန်ထမ်းများနှင့် ပုဂ္ဂိုလ်များကို နိုင်ငံတော်က စီမံထူးချွန်၊ လူမှုထူးချွန် စသည့်စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးလျက်ရှိရာ ၂၀၀၀ ခုနှစ်မှ ယခုအချိန်အထိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းပေါင်း (၁၀၀) ဦး ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ကော်မတီ၏အငြိမ်းစားအရာရှိ (၁) ဦးသည် လူမှုထူးချွန် (ပထမအဆင့်) ရရှိခဲ့သည့်အတွက် ကော်မတီအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ကို တစ်ဆက်တည်းလုပ်သက် (၂၆) နှစ်ရှိတဲ့ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်တဲ့ ကာလတစ်လျှောက်မှာလည်း ပြစ်မှုပြစ်ဒဏ် ကင်းရှင်းသူများကိုသာ နိုင်ငံတော်ကချီးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းတံဆိပ်ကိုလည်း တစ်ဆက်တည်းလုပ်သက် (၁၅) နှစ်ရှိပြီးဖြစ်သည့် ဝန်ထမ်းများကို ချီးမြှင့်ခြင်းဖြစ်ကြောင်း၊ မှတ်တမ်းများအရ ကော်မတီတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများထဲတွင် ၂၀၀၀ ပြည့်နှစ်မှ ယခုအချိန်အထိ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိခဲ့ပြီးသည့် ဝန်ထမ်းပေါင်း (၂၈၉၉) ဦးရှိပြီဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ရန်ကုန်မြို့တော်ကို ရေစီးရေလာ ကောင်းမွန်ရေး၊ ရေကောင်းရေသန့်ရရှိရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် မြို့ပြအခြေခံ အဆောက်အအုံများ ဖြစ်ထွန်းလာစေရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကောင်းမွန်ရေး စသည့်သန့်ရှင်းသာယာလှပသော မြို့တော်ကြီးဖြစ်လာစေရေးအတွက် ရည်မှန်းချက်များထားရှိ ဆောင်ရွက်လျက်ရှိကြောင်း၊ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပသည့် မြို့တော်ကြီးဖြစ်စေရေးအတွက် ကော်မတီ၏ဦးဆောင်မှုနှင့် ကော်မတီရှိ ဌာနများ၏စွမ်းအားဖြင့် ကျရာတာဝန်ကို တက်ညီလက်ညီ ထိန်းသိမ်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကော်မတီရှိ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်တာနှင့်အညီ နိုင်ငံ့ဝန်ထမ်းများ ထမ်းဆောင်ရမည့် တာဝန် (၃) ရပ်ဖြစ်သည့် "နိုင်ငံတော်၏အကျိုးအတွက် အချိန်ပြည့် အလုပ်လုပ်ရန်၊ မူလတာဝန်သာမက နိုင်ငံတော်ကပေးအပ်လာသော အခြားတာဝန်များကိုလည်း ထမ်းဆောင်ရန်နှင့် ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက် စသည်များကိုလည်း လိုက်နာရန်” တာဝန်ရှိကြောင်း၊ ကော်မတီအနေနှင့် ဝန်ထမ်းများသက်သာချောင်ချိရေးကိုရှေးရှု၍ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ကာ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း နေရာထိုင်ခင်း စီစဉ်ပေးခြင်း၊ ဝန်ထမ်းများ အချိန်မီ လုပ်ငန်းခွင်ရောက်ရှိရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဝန်ထမ်းကြို/ ပို့ယာဉ် (၄၂) စီးဖြင့် စီစဉ်ပေးခြင်း၊ မြို့တော်ခန်းမ၊ (၄၆) လမ်းရုံးနှင့် ဝန်ထမ်းအိမ်ရာဝင်းများတွင် ဈေးကားများ၊ ဈေးအရောင်းဆိုင်များ၊ စီစဉ်ရောင်းချပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကုန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ပြည်သူများကို နေ့စဉ်ကြက်ဥများ ရောင်းချပေးလျက်ရှိကြောင်း၊ ကြို/ ပို့ယာဉ်များကို စီးနင်းအသုံးပြုကြရာမှာလည်းကောင်း၊ ကော်မတီကစီစဉ်ပေးသည့် အိမ်ရာဝင်းများမှာ နေထိုင်ကြရာမှာလည်းကောင်း၊ ကော်မတီ၏ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များဟာ သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြပြီး မိသားစုအချင်းချင်း ချစ်ကြည်၊ စည်းလုံး၊ ညီညွတ်စွာ နေထိုင်ကြဖို့ကိုလည်း မှာကြားလိုကြောင်း၊ ဝန်ထမ်းများ သက်သာချောင်ချိရေးကို အလေးထားဖြည့်ဆည်းပေးလျက်ရှိသည့်အပြင် အချို့စည်းကမ်း ဖောက်ဖျက်သော၊ တာဝန်မကျေပွန်သည့် ဝန်ထမ်းအချို့ကိုလည်း ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီဖြစ်စေရေး ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲလမ်းညွှန်ချက်ဖြစ်သည့် သွားသင့်သောနေရာကိုသာသွားရန်၊ ပေါင်းသင့်သည့်သူကိုသာပေါင်းရန်၊ လုပ်သင့်သည့်အလုပ်ကိုသာလုပ်ရန်နှင့် ပြောသင့်သည်ကိုသာ ပြောရန်ဆိုသော သင့် (၄) သင့်ကို လိုက်နာကျင့်သုံးပြီး ဆောင်သင့်သည့်အရာ၊ ရှောင်သင့်သည့်အရာများကို သတိကြီးကြီးဖြင့် ဆင်ခြင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ကော်မတီသည် ပြည်သူများနှင့် တိုက်ရိုက်ဆက်ဆံ ဆောင်ရွက်ရခြင်းကြောင့် တာဝန်ကြီးမားတာကို ဝန်ထမ်းတိုင်း သိရှိထားရမှာဖြစ်ကြောင်း၊ ကော်မတီမှာရှိသည့် ဝန်ထမ်းအဆင့် အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းထမ်းဆောင်သွားကြရန် အထူးတိုက်တွန်း မှာကြားလိုကြောင်း၊ ပြည်သူကလေးစားအားကိုးသည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရေး၊ အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် စိတ်ဓာတ်ကောင်းမွန်ရေး၊ စွမ်းရည်ပြည့်ဝရေး၊ တာဝန်ကျေပွန်ရေး စသည့်အချက်များကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ခံယူကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း” ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅ ခုနှစ် လူမှုထူးချွန်တံဆိပ်၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်နှင့် ချီးမြှင့်ငွေများ သက်ဆိုင်ရာဌာနမှူးများအား မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များမှ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)