ရှမ်းပြည်နယ်(တောင်ပိုင်း)၌ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ကြီး)ဖွင့်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်အတွင်းရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ကြီး)ဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက တောင်ကြီး-ဟိုပုံးလမ်းမကြီးဘေးရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ကြီး)၌ ကျင်းပသည်။

ဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ကြီး)အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်၊ ပြည်နယ်သယံဇတရေးရာဝန်ကြီး ဦးစိုင်းလိတ် ညွှန်ကြားရေးမှူးချုပ် (နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန) ကျောင်းအုပ်ကြီး အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ကြီး)တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ကြီး)ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က ဘင်ခရာတပ်ဖွဲ့၊ ပန်းပွားအကနှင့် တိုးနယားအဖွဲ့အား ဂုဏ်ပြုဆုငွေပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး) ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာပက်ဖျန်းပေးကြသည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းတွင် GTHS (ပင်းပက်) ကျောင်းသား၊ ကျောင်းသူများမှ မင်္ဂလာပါသီချင်းဖြင့် ဖျော်ဖြေကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကား ပြောကြားရာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသည့် အစိုးရ နည်းပညာကောလိပ်၊ သိပ္ပံကျောင်းများ၊ သက်မွေးပညာသင်တန်းကျောင်းများနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း စုစုပေါင်း (၁၂၈) ကျောင်းရှိသည်ကို သိရှိရပါကြောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်ပြီး အရည်အချင်းပြည့်ဝသည့် လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ရည်ရွယ်ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ကြီး)ကို ဖွင့်လှစ်ပေးခဲ့သည့်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းများနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများမှ ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများမှ ဤသိပ္ပံမှာ ပေါင်းကူးတက်ရောက်ခွင့်ရရှိကြမှာဖြစ်ပြီး (၃) နှစ် တက်ရောက် ပညာသင်ကြားပြီးပါက A.G.T.I ဒီပလိုမာ နည်းပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်မှာဖြစ်ပြီး ထူးချွန်စွာအောင်မြင်ကြသူများသည် နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာကောလိပ်တို့တွင် ပေါင်းကူးဆက်လက်ပညာသင်ခွင့်ရရှိကြမှာဖြစ်သည့်အတွက် ရှမ်းပြည်နယ်အနေဖြင့် များစွာ ဂုဏ်မိပါကြောင်း၊ နိုင်ငံ၏လိုအပ်ချက်အပေါ်မူတည်ပြီး နှစ်အလိုက် အထူးပြုဘာသာရပ်များကိုလည်း ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ဒေသအတွင်း နိုင်ငံတော်အတွက် လိုအပ်နေသည့် အင်ဂျင်နီယာအတတ်ပညာရှင်များ မကြာမီကာလအတွင်း စတင်မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းနောက် ကျောင်းသား၊ ကျောင်းသူများမှ နောင်အင်းလေးသီချင်း၊ ခမ်းရင်သားသီချင်းနှင့် GTI သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး) အတွက် ထောက်ပံ့ငွေပေးအပ်၍ ကပြဖျော်ဖြေပေးကြသော ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က ဂုဏ်ပြုဆုငွေများပေးအပ်ကာ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ကြီး)၊ ပင်မ(၃)ထပ်ဆောင်ရှိ Library ခန်း၊ ScienceLab ခန်း၊ စာသင်ခန်း၊ Drawing ခန်းနှင့် Computer ခန်းများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ကြီး)ရှိ စက်မှုအင်ဂျင်နီယာ၊ မြို့ပြ အင်ဂျင်နီယာနှင့် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာအလုပ်ရုံများသို့ လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)