တောင်ကြီးမြို့၌ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

တောင်ကြီး ဒီဇင်ဘာ ၃

၂၀၂၄ ခုနှစ်ပြည်နယ်အဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဒီဇင်ဘာလရောက်တိုင်း ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ကျင်းပကြပြီး ကျင်းပရသည့်ရည်ရွယ်ချက်မှာ အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကြောင့် သေဆုံးသွားသူများကို အမှတ်ရစေရန်နှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အိတ်ချ်အိုင်ဗွီပိုးရှိသူများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွသည့်စိတ်ဓာတ်များနှင့် ပူးပေါင်းပါဝင်ပြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုနှစ် “ကမ္ဘာခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့” ဆောင်ပုဒ်ဖြစ်သည့် “Take the Rights Path ” အေအိုင်ဒီအက်စ် ကင်းဝေးဖို့၊ သာတူညီမျှအလေးပေးလို့၊ အားလုံးဝိုင်းဝန်းပံ့ပိုးစို့ ဆိုသည့်အတိုင်း အိပ်ချ်အိုင်ဗွီ ကာကွယ်ရေးလုပ်ငန်းများကို လက်လှမ်းမီရန်ခက်ခဲသော ဦးတည်အုပ်စုဝင်များအပါအဝင် အိပ်ချ်အိုင်ဗွီ ကာကွယ်ကုသရေးဝန်ဆောင်မှုများကို လူတိုင်းသာတူညီမျှ လက်လှမ်းမီရရှိရန်အတွက် ဦးတည်အုပ်စုဝင်များ၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများအပါအဝင် အားလုံးပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်မှ ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်နေသည့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)