ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းဘုရားများ၊ သာသနိကအဆောက်အအုံများ၊ စေတီ၊ ပုထိုးများ မြင်းကွင်းကျယ်ကြည့်ရှုခံစားနိုင်

ညောင်ဦး စက်တင်ဘာ ၅

မြန်မာပြည်အရပ်ရပ်မှခရီးသွား ဘုရားဖူးပြည်သူများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်ခဲ့ပါက ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခုလုံး မြင်ကွင်းကျယ်အနေအထားမျိုးဖြင့် ကြည့်ရှုဖူးမြော်နိုင်မည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ကန္တာရပင်များ၊ သစ်ပင်ခြုံနွယ်များအား ညောင်ဦးခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၏ စနေနေ့တိုင်း သန့်ရှင်းရေးပြုလုပ်မှု၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ သန့်ရှင်းရေးဌာနစိတ်မှ သန့်ရှင်းရေးပြုလုပ်မှု၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် Bagan Plastic Campaign အဖွဲ့သားတို့၏ စုပေါင်းအားဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ကန္တာရတော အင်မတန်ထူထပ်သည့် ဓမ္မရာဇကဘုရားကြီးမြောက်ဘက်တစ်လျှောက်၊ မလုံးဖြစ်၊ မလာဖြစ်၊ လက်ပွတ်ကန် ဘုရားပတ်ဝန်းကျင်တို့တွင်ပါ ဘုရားဖူးခရီးသွားများ လာရောက်ဖူးမြော်နေကြပြီဖြစ်သည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရားအစုအဝေးများရှိသည့် ခေမင်္ဂဘုရားအစုအဝေး၊ ဆူးလေကုန်းဘုရားအစု၊ ဝတ္ထနတောဘုရားစု၊ ရင်မနားဘုရားစု၊ သစ္စာမဏ္ဍိုင်ဘုရားစု၊ အပါယ်ရတနာဘုရားစု၊ နဂါးရုံဘုရားတောင်ဘက်ဘုရားစု၊ ဓမ္မရာဇကဘုရား မြောက်ဘက်နှင့် အနောက် မြောက်ဘက်ရှိ ဘုရားစုများ၊ ရွှေနန်းရင်တောဘုရားစုများနှင့် အုတ်ကျောင်းတိုက် အစုအဝေးများကို ရှင်းရှင်းလင်းလင်းဖူးတွေ့နိုင်အောင် မြင်းကွင်းကျယ်အနေအထားမျိုးဖြင့် ဖူးတွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားဖူးများ စနေ၊ တနင်္ဂနွေနေ့များနှင့်အဖိတ်၊ ဥပုဒ်နေ့များတွင် ဘုရားဖူးပိုမိုလာရောက်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း