ကျိုင်းတုံမြို့ နယ်စပ်ပို့ကုန်သွင်းကုန်များဆောင်ရွက်

ကျိုင်းတုံ ဇွန် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပုံကုန်သွင်းကုန်ရုံး (ကျိုင်းတုံ)မှ နယ်စပ်ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  ဇွန်လတွင် ကျိုင်းတုံမှ တရုတ်နိုင်ငံသို့ မန္တလေးတိုင်းဒေသကြီးမှ ထွက်ရှိသည့် စိန်တစ်လုံး၊ ရွှေဟင်္သာသရက်သီးများနှင့် ငရုတ်သီးခြောက်၊ ပုဇွန်ဖွဲ၊ ဝါဂွမ်း၊ သီဟိုစေ့နှင့် နနွင်းတက်များကို တစ်ရက် ပို့ကုန်ကားစီးရေ ၃၀ မှ ၅၀ အတွင်း တင်ပို့လျက်ရှိသည်။

ပို့ကုန်သွင်းကုန်ရုံး (ကျိုင်းတုံ)ရုံးအနေဖြင့် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိပြီး ကျိုင်းတုံ-ဝမ်တာပုံ-မိုင်းခတ်-မိုင်းယန်း လမ်းကြောင်း-ကျိုင်းတုံ-ဝမ်တာပင်း-မိုင်းလားလမ်းကြောင်းများမှ ပို့ကုန်သွင်းကုန်များ ဆောင်ရွက်လျက်ရှိကြောင်း၊ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း ကုန်သွယ်မှုပမာဏ (၁၅၄) ဒသမ (၂၇၃) ဒေါ်လာသန်း ဆောင်ရွက်ခဲ့ကြောင်း၊ ကျိုင်းတုံမှ တရုတ်နိုင်ငံသို့ ဖရဲသီး၊ သခွားမွှေးသီး၊ သရကပ်သီး၊ ငရုတ်သီး၊ ငရုတ်သီးခြောက်၊ ပုဇွန်ဖွဲ၊ ဝါဂွမ်း၊ မြေပဲဆီ၊ သီဟိုစေ့၊ ‌ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ မရွေး စသည့် စားသောက်ကုန်များ အဓိကတင်ပို့ပြီး တရုတ်နိုင်ငံမှ CMP ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်းများ တင်သွင်းကြောင်း၊ တရုတ်နိုင်ငံသို့ ပို့ကုန် တင်ပို့မည်ဆိုပါက ပို့ကုန်ကုမ္ပဏီများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စစ်ဆေးရေးဂိတ်များတွင် QR Code ဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသအစီအစဉ်အရ အကောက်ခွန် သက်သာမှုဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Form – E) စိစစ်ထုတ်ပေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်စိုးစိုးလှိုင်ထံမှ သိရသည်။

မိမိနိုင်ငံမှ ထွက်ရှိသည့် ကုန်ပစ္စည်းများကို တင်ပို့နိုင်ခြင်းဖြင့် စိုက်ပျိုးရောင်းချသည့် တောင်သူများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)