ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင်ရှိသော ကမ္ဘာ့ရှားပါး ငှက်မျိုးစိတ် ခုနစ်မျိုးအား ငှက်ဝါသနာရှင်များ လာရောက်ကြည့်ရှုနိုင်

ညောင်ဦး မေ ၁၀

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် လာရောက်ကြမည့် ခရီးသွားပြည်သူများနှင့် ငှက်ချစ်သူများ၊ ရှားပါးငှက် လေ့လာချင်သူများအတွက် ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံတည်းမှာသာရှိသည့် မြန်မာ့ဒေသမျိုးရင်း ရှားပါးငှက် ကိုးမျိုးဖြစ်သည့် စွေ့ငှက်၊ ဘီလုံးငှက်၊ ငှက်မင်းသားဝမ်းဖြူ၊ ဧရာဝတီဗွတ်ချွဲ၊ ချိုးလင်းပြာ၊ နဖားကြူးအမြီးဝိုင်း၊ ငှက်လက်မမြီးရှည်ညို၊ မျက်ခုံးဖြူငှက်ပြာ ခြောက်၊ မြန်မာ့တစ်ငှက် အစရှိသော ငှက်ကိုးမျိုးတို့သည် မြန်မာတစ်နိုင်ငံတည်းမှာသာရှိပြီး ငှက်ချစ်သူများ၊ ငှက်ဝါသနာရှင်များနှင့်  သတ္တဗေဒကျောင်းသား/ကျောင်းသူများ လာရောက် လေ့လာနိုင်သည်။ တစ်ကမ္ဘာလုံးမှ ငှက်ချစ်သူများ၊ ငှက်လေ့လာလိုသူများ စိတ်ကျေနပ်မှုရရှိစေမည့် ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုဇုန် ခရီးစဉ်အတွင်းရှားပါးငှက်မျိုးစိတ် ခုနစ်မျိုးကို လေ့လာနိုင်ကြောင်း ဧည့်လမ်းညွှန်အသင်း(ပုဂံဇုန်)နာယက ဦးဇော်ဝင်းချိုကပြောသည်။

မြန်မာနိုင်ငံတွင် ဒေသမျိုးရင်းငှက် ကိုးမျိုးရှိသည့်အနက် ငှက်ခုနစ်မျိုးကို ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း တွေ့ရှိရပြီး စွေ့၊ ဘီလုံး၊ ငှက်မင်းသားဝမ်းဖြူ၊ ဧရာဝတီဗွတ်ချွဲ၊ ချိုးလင်းပြာ၊ နဖားကြူးအမြီးဝိုင်းနှင့် ငှက်လက်မမြီးရှည်ညိုတို့ကို ပုဂံမြို့လောကနန္ဒာဥယျာဉ် အတွင်းနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း တွေ့နိုင်ပေသည်။ ကျန်ရှားပါးမျိုးစိတ် ငှက်နှစ်မျိုးဖြစ်သည့်  မျက်ခုံးဖြူ ငှက်ပြာခြောက်နှင့် မြန်မာ့တစ်ငှက်တို့ကို ချင်းပြည်နယ်တောင်ပိုင်း နတ်မတောင် အမျိုးသားဥယျာဉ် တွင်သာ တွေ့ရှိရကြောင်း ငှက်ဝါသနာရှင်အသင်း တာဝန်ရှိသူများကပြောကြား၍ သိရသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် အမြဲနေထိုင်ကျက်စားလေ့ရှိသည့် ငှက်ခုနစ်မျိုးလုံးသည်  အစားအစာပေါများပြီး လုံခြုံမှုရှိသည့်အတွက် ငှက်ကောင်ရေ တိုးပွားလာကြောင်းလည်း သိရသည်။

ဘီလုံးငှက်

လောကနန္ဒာဘေးမဲ့တော ဥယျာဉ်အတွင်း အမြဲနေထိုင် ကျက်စားလေ့ရှိပြီး အစားအစာပေါများ ခြင်း၊ လုံခြုံမှုရှိသည့်အတွက် အကောင်ရေ တိုးပွားလာကြောင်း သိရသည်။ ဥယျာဉ်တစ်ခုလုံး အနှံ့အပြား တွေ့ရတတ်သော်လည်း ချုံပင်များပေါသော ကွင်းပြင်နေရာတွင် အများဆုံး ကျက်စားကာ အသိုက်လုပ် ဥဥခြင်းများကို ပြုလုပ်လေ့ရှိသည်။ လူများ၊ လူနေအိမ်များနှင့်အဝေးတွင် ကျက်စားနေထိုင်ကြကြောင်း၊  ဓာတ်ကြိုး တန်းများပေါ်နှင့် သစ်ပင်ထိပ်ဖျားတို့တွင် နားနေတတ်ကြောင်း၊ မိုးရွာခါနီးအချိန်တိုင်း  ၎င်းတို့သဘာဝအလျောက် လေဟုန်စီး၍ မြူးထူး ပျော်ပါးကြကြောင်းသိရသည်။ ဒေသခံများက   မိုးခေါ်ငှက်ဟုလည်း ခေါ်ဆိုကြသည်။

စွေ့ငှက်

 ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း  အမြဲနေထိုင်ကျက်စားလေ့ရှိပြီး အစာရေစာပေါများကာ လုံခြုံမှုရှိခြင်းကြောင့် အကောင်ရေတိုးပွားလာခဲ့ပြီး လူများနှင့် ယဉ်ပါးလွယ်၍ လူနေအိမ်များ အနီးသို့ပင် လာရောက်ကျက်စား နေထိုင်ကြကြောင်းသိရသည်။ လောကနန္ဒာဘေးမဲ့တော ဥယျာဉ်ဝန်ထမ်းများ ကွင်းဆင်းလေ့လာချက်အရ စွေ့ငှက်ကောင်ရေ ၅၅ဝ ခန့် ရှိမည်ဟုခန့်မှန်း ထားကြောင်းသိရသည်။   ရန်ကုန်တက္ကသိုလ်မှ ဆရာမတစ်ဦး လေးနှစ်ကြာ သုတေသနပြု၍ ဒေါက်တာဘွဲ့ ယူခဲ့ကြောင်းလည်းသိရကာ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း သိရ သည်။

ငှက်မင်းသားဝမ်းဖြူ

ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းဒေသအတွင်း အမြဲနေထိုင် ကျက်စားလေ့ရှိကြောင်း၊ ကွင်းပြင်များတွင်လည်း အများဆုံးတွေ့ရသည့် ငှက်ဖြစ်ကာ ခြောက်ကောင်အုပ်၊ ရှစ်ကောင်အုပ်၊ အုပ်လိုက်ကျက်စား နေထိုင်ကြကြောင်းသိရသည်။

ချိုးလင်းပြာ

ဥယျာဉ်အတွင်း အနှံ့အပြားတွေ့ရပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းတွင်လည်း တွေ့ရှိနိုင်သည်။ လူများနှင့် ယဉ်ပါးလွယ်၍ လူနေအိမ်များ အနီးသို့ပင် လာရောက်ကျက် စားနေထိုင်ကြကြောင်း၊ စုံတွဲနေထိုင်သည်ကို အများဆုံးတွေ့ရပြီး  ၎င်းနှင့်အတူ အခြားချိုးအမျိုးအစား သုံးမျိုး ဖြစ်သည့် ချိုးပိန်တူး၊ ချိုးနီပု၊ ချိုးလည်ပြောက်တို့နှင့်လည်း ယှဉ်တွဲနေထိုင်ကြကြောင်း သိရသည်။

ဧရာဝတီဗွတ်ချွဲ

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု ဇုန်တစ်ခုလုံးတွင် တွေ့ရသည်။ လူများနှင့် ယဉ်ပါးလွယ်၍ လူနေအိမ်များအနီး ငှက်သိုက်ဆောက်လုပ် နေထိုင်ကျက်စားကြသည်။ လောကနန္ဒာဘေးမဲ့တော ဥယျာဉ်ထဲတွင်ပင် အကောင်ရေ ၃ဝဝ ခန့်ရှိကြောင်းသိရသည်။ ၎င်းနှင့် အမျိုးအစား ဗွတ်နှစ်မျိုးဖြစ်သည့် ဗွတ်ဖင်နီ၊ ဗွတ်စာမွဲတို့နှင့်လည်း ယှဉ်တွဲနေထိုင်ကြကြောင်းသိရသည်။ တက္ကသိုလ် ဆရာ/ဆရာမများ ရှေ့ပြေးလာရောက် လေ့လာလျက်ရှိကြကြောင်းလည်း သိရသည်။

နဖားကြူးအမြီးဝိုင်းငှက်

အဆိုပါနဖားကြူး အမြီးဝိုင်းငှက်သည် တစ်နေရာတည်းတွင် နေထိုင်ကျက်စားသည့် ငှက်မဟုတ် ဘဲ ဧည့်သည်ငှက်ပမာ တွေ့ရှိတတ်ကြပြီး လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်နှင့်ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်တွင် တွေ့ရှိရသည်မှာ ခုနှစ်နှစ်ခန့်လောက် ပဲရှိသေးကြောင်း၊ စတင်တွေ့ရှိခဲ့စဉ်က နှစ်ကောင်တစ်စုံ သစ်ပင်ထိပ်ဖျားတွင် စတင်တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပြီး နောက်ဆုံး ၂ဝ၁၈ ခုနှစ်တွင် ခြောက်ကောင်တစ်အုပ် လာရောက်ခဲ့သည်ကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

ငှက်လက်မမြီးရှည်ညို

ပုဂံ-ညောင်ဦးဝန်းကျင်ရှိ လယ်ယာစိုက်ခင်းများ၊ ကိုင်းတောများ၊ မြက်တောများတွင် ဥယျာဉ်အတွင်း ငှက်စာရင်းကောက်လုပ်ငန်း ဆောင်ရွက်စဉ် ၁ဝ ကောင်ထက်မပိုဘဲ ကွဲပြားစွာနေထိုင် ကျက်စားသည်ကို တွေ့ရှိရသည်။ ဥယျာဉ်အတွင်း နေထိုင်ကျက်စား သည့် ငှက်အားလုံး ၂ဝ၁၇ မှ ၂ဝ၂ဝ အထိငှက်များကို လေ့လာ၍ ဒေါက်တာဘွဲ့ရရှိသည့် ဆရာမတစ်ဦး၏ လေ့လာသုတေသန ပြု ကာလများတွင် ၄-၅ ကောင်ခန့်သာ တွေ့ရှိမှတ်တမ်းတင်နိုင်ကြောင်း သိရသည်။

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု ဇုန်အတွင်း ခရီးစဉ်ဒေသရှိပြီးဖြစ်ကာ ကမ္ဘာအရပ်ရပ်မှ ငှက်ဝါသနာရှင်များ လာရောက်လေ့လာသည့်အခါ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိပြီး မြန်မာ့မျိုးရင်း ရှားပါးငှက်မျိုးစိတ်များကိုလည်း ထိန်းသိမ်းရာရောက်မည်ဖြစ်ကာ မြန်မာနိုင်ငံငှက်ဝါသနာရှင်များအသင်းနှင့် သက်ဆိုင်ရာဌာနတို့ ပူးပေါင်းကာ ငှက်ကြည့်ခရီးစဉ်များ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သင့်ပြီး ငှက်ကြည့်ဝါသနာရှင်အများဆုံးလာရောက်သည့် ဂျာမဏီနိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ ပြင်သစ်၊ ထိုင်း၊ အမေရိကန်နိုင်ငံသားများ အများဆုံးလာရောက် ငှက်ကြည့်ကြကြောင်း၊ ဒေသတွင်း ငှက်တိုးဂိုက်များလည်း ရှားပါးငှက်များအား စိတ်ဝင်စားမှု မြင့်တက်နေကာ မြန်မာ့မျိုးရင်းရှားပါးငှက်များ နေထိုင်ကျက်စားနေသည့် ဓမ္မရာဇကဘုရားမြောက်ဘက် သမုတိဘုရား၊ တောင်တဝက်ဂူဘုရား၊ကုသဂူဘုရားပတ်ဝန်းကျင်၊ လေးမျက်နှာဆုတောင်းပြည့်ဘုရား၊ ဘုရားသုံးဆူ၊ နရသီဟပတေ့ဘုရား၊ သမ္ဘူလဘုရားပတ်ဝန်းကျင်တို့တွင် လည်းကောင်း၊  မလုံးဖြစ်မလာဖြစ်ဘုရားပတ်ဝန်းကျင်၊ ဝိနည်းဓိုလ်ဘုရားတောင်ဘက်၊ အနောက်ဘက်တို့တွင်လည်းကောင်း၊ လက်ပွတ်ကန်ဂူဘုရားပတ်ဝန်းကျင်၊ ရွှေနန်းရင် တောအုတ်ကျောင်းတိုက်အစုအဝေးအတွင်းနှင့် ရင်မနားဘုရားအစုအဝေးမြောက်ဘက် ဧရာဝတီ မြစ်ကမ်းဘေးတလျှောက်တို့တွင် ငှက်ဝါသနာရှင်များ ငှက်ကြည့်ကြကြောင်း၊ ငှက်ကြည့်ခရီးစဉ်များနှင့် ငှက်တိုးဂိုက်များစွာလည်း လိုအပ်လာမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ငှက်ဝါသနာရှင်များ လာရောက်လေ့လာသည့်အခါတိုင်း ဒေသမျိုးရင်းငှက်များရော ရှားပါးငှက်များပါ စိတ်ဝင်တစားလိုက်လံရှင်းပြတဲ့ ငှက်ဝါသနာရှင် ဧည့်လမ်းညွှန် ဦးသက်ဝင်းက လာသမျှပြည်ပနိုင်ငံသားများ အား အမြဲလိုက်လံပြသပေးကြောင်း ဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးသန်းဌေးကပြောကြားသည်။ ပုဂံရှေးဟောင်းဇုန်အတွင်းရှိ ရှေးဟောင်းရေကန်များ ရေဝင်ရောက်ချိန်တွင်လည်း ခရုစုပ်၊ ခရုတုတ်ငှက်များ၊ ဗျိုင်းဖြူ၊ ဗျိုင်းမဲများ၊ မန်ဒါလီများ၊ ရေကြက်များ၊ စာဝတီးအုပ်များ၊ ရေဘဲများလာရောက်ကျက်စားခြင်းကလည်း ပြည်တွင်းပြည်ပဧည့်သည်များကို ဆွဲဆောင်လျက်ရှိကြောင်း ငှက်လမ်းညွှန် ဦးသက်ဝင်းကရှင်းပြသည်။ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်အား ခရီးစဉ်ဒေသအသစ် ရှာဖွေထားခြင်းဖြင့် ကမ္ဘာ့ရှားပါးကြယ်လိပ်များ၊ တိုက်လိပ်များနှင့် ရှားပါးငှက်မျိုးစိတ် ခုနစ်မျိုးတို့ ရှိသည့်အပြင် မိုးနည်းရပ်ဝန်းတွင် ဧက ၁ဝဝ ကျော် ဘေးမဲ့တောဥယျာဉ်အတွင်းရှိ ကြီးမားသည့် သစ်ပင်ကြီးများ အုံ့အုံ့မှိုင်းမှိုင်း တည်ရှိနေသည်ကိုလည်း လာရောက်လေ့လာလည်ပတ်ကြမည့်သူများ လက်တွေ့ကြည့်ရှု တွေ့မြင်နိုင်မည်ဖြစ်ပေသည်။  

ဒီပါလင်း