ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသော ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၆)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ပြု

ကျောက်ဆည်  နိုင်ဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသနေသော  ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ(၆)ဦး ရောဂါထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရဘဲ သက်မှတ် ကုသစောင့် ကြည့်ရက်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက်(၁၁)နာရီက ဆေးရုံမှဆင်းခွင့်ပြု လိုက်ကြောင်း သိရှိရသည်။

အဆိုပါ လူနာများမှာ ကျောက်ဆည်မြို့နယ် ပြည်တော်သာကျေးရွာမှ ရန်ကုန်မြို့ပြန်(၂)ဦး၊ နေအိမ်တွင် နေထိုင်ပြီး အနံပျောက်သဖြင့်  Facility Quaranty ဝင်ရောက်သူမင်းရပ် ရပ်ကွက်မှ (၁)ဦးနှင့် တံတားဦးမြို့နယ် မိုးကြိုးတွင်း ကျေးရွာမှ (၁)ဦး၊ ဆူးကုန်းရပ်ကွက်မှ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ(၂)ဦး၊ စုစုပေါင်း (၆)ဦးဖြစ်ကြောင်း သိရှိရကာ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သော်လည်း နေအိမ်တွင် Home Quarantine (၇)ရက်ဆက်လက်နေထိုင်သွားရေး ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်ကမှာကြားစကားများပြောကြားခဲ့ပြီး ကြက်မင်းတွန်ရပ်ကွက်ရှိ Myanmar Rescue Kyaukse အသင်းက မော်တော်ယာဉ်များဖြင့် လူနာများအား အိမ်အရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် အောက်တိုဘာ(၂)ရက်နေ့မှစတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာကို စတင်လက်ခံကုသပေးလျှက်ရှိပြီး ယခုအချိန်အထိ ပိုးတွေ့လူနာ(၂၄)ဦး လက်ခံကုသပေးလျက် ရှိကြောင်းနှင့် ကျန်းမာရေးကောင်းမွန်သဖြင့်ဆေးရုံဆင်းခွင့်ပြုလူနာ(၁၅)ဦးရှိကာ စောင့်ကြည့်ကုသဆဲ (၉)ဦးအား လိုအပ်သည့် အာဟာရများ၊ဆေးဝါးများပေးပြီး ဆက်လက်ကုသပေး လျက်ရှိရာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရှိသည်။

 သက်မောင်(ကျောက်ဆည်)