ထားဝယ် မေ ၂၆
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ KG တန်းမှ Grade-12 ကျောင်းသား၊ ကျောင်းသူများအား အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က ကျောင်းသားလက်ခံဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများ ကျောင်းလာရောက်အပ်နှံမှုများအပေါ် အဆင်ပြေချော့မွေ့အောင် လက်ခံဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား နွေးထွေးပျူငှာစွာ ကြိုဆိုလက်ခံဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းသုံးပုံနှိပ်စာအုပ်အပါအဝင် အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထားဝယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများတို့တွင် ကျောင်းအပ်နှံရေးကာလ မေလ(၁၃)ရက်နေ့မှ ဇွန်လ(၂)ရက်အထိ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ KG မှ Grade-5 အထိ မူလတန်းကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံ(၁)စုံ၊ ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ခဲတံ Geade-6 မှ Grade-12 အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများကို ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဘောပင်တို့ကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဟူသောဆောင်ပုဒ်နှင့်အညီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းတက်ရောက်သင်ကြားကြမည့် ကျောင်းသား/ သူများအား ကျောင်းသားမိဘများ ညီအစ်ကို၊ မောင်နှမများက လာရောက်အပ်နှံလျက်ရှိရာ ဆရာ/ မများက နွေးထွေးပျူငှာစွာ ကြိုဆိုလက်ခံလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျောင်းသား၊ ကျောင်းသူလာရောက်အပ်နှံမှု(၁၁၃၇၀၅)ဦး ရှိပြီးဖြစ်ကြောင်း တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးထံမှ သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)