လှည်းကူး မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ယနေ့ နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လှည်ကူးမြို့နယ်အတွင်း “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးစေဖို့ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ မေ(၂၃)ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းတွေကို သက်ဆိုင်ရာကျောင်းများအလိုက် လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှုမရှိကြောင်း၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံစသည့် ပစ္စည်းတွေကို နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG) သို့လည်းကောင်း၊ (၆) နှစ်အရွယ်ကလေးများကို ပထမတန်း( Grade-1) သို့လည်းကောင်း အပ်နှံရမည်ဖြစ်ပြီး အခြေခံပညာကျောင်းများကို ဇွန် (၃) ရက်နေ့တွင် စတင်တက်ရောက်ရမည်ဖြစ်ရာ လှည်းကူးမြို့နယ်အတွင်း အခြေခံပညာကျောင်း ထက်၊ လယ်၊ မူ ကျောင်း(၁၈၇)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၆)ကျောင်း ဘုန်းတော်ကြီးပညာသင်(၂၁)ကျောင်း စုစုပေါင်း (၂၁၄) ကျောင်း ရှိကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)