တာချီလိတ် မေ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ဝင် မိသားစုများ၏ သား/သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် စာရေးကိရိယာများထောက်ပံ့ပေးအပ်ခြင်းကို ရန်အောင်မြေရပ်ကွက် အောင်ဇေယျခန်းမဆောင်တွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းအောင်နှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်မည့် ခရိုင်ရဲတပ်ဖွဲ့ဝင် မိသားစုဝန်ထမ်းသားသမီး တက္ကသိုလ်အဆင့် ၁၉ ဦး၊ အထက်တန်းအဆင့် ၂၈ ဦး၊ အလယ်အတန်းအဆင့် ၄၅ ဦး၊ မူလတန်းအဆင့် ၉၄ ဦး၊ မူကြိုအဆင့် ၁၇ ဦး၊ စုစုပေါင်း ၂၀၃ ဦးတို့အား ပညာသင်စရိတ်နှင့် စာရေးကိရိယာများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပညာသင်စရိတ်နှင့် စာရေးကိရိယာများကို တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်း ဦးဆောင်မှုဖြင့် နယ်မြေရဲစခန်းအသီးသီးမှ စခန်းမှူးများစုပေါင်း၍ ထည့်ဝင်လှူဒါန်း ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)