ဂွ မေ ၂၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းက စတင်ကာ လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ကျောင်းအပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ ယာယီနည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောနောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အခြေခံပညာအထက်တန်းကျောင်း ဂွမြို့တွင် ကျောင်းအပ်ရန်လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပဲနို့၊ မုန့်များနှင့် ကျောင်းသုံးကွန်ပါဘူးများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဂွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၃ ရက်နေ့ မှ ဇွန်လ ၂ ရက်နေ့အထိ နံနက်၁၀ နာရီမှ ညနေ ၄ နာရီအထိ ကျောင်းအပ်လက်ခံဆောင်ရွက်သွားမည်ဖြစ်ရာ ကျောင်းအပ်ရာတွင် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်