ဂွမြို့နယ်တွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ

ဂွ မေ ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ ဘုရားအမှူးပြုသော သံဃာတော် (၅)ပါးတို့အား ပင့်ဖိတ်၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်ခြင်းတို့ကို ယမန်နေ့နံနက် ၉နာရီက သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တော်ကြီးအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဘုရားအမှူးပြုသော သံဃာတော်(၅)ပါးတို့အား ပင့်ဖိတ်၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းအစီအစဥ်တွင် ယာယီနည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောနောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊  မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ပူဇော်ကန်တော့ခဲ့ကြပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်က ကဆုန်လပြည့် (ဗုဒ္ဓနေ့)အကြောင်း ဟောကြားတော်မူခဲ့သည်။ ထို့နောက် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဒါန်းမှုအစုစုအား ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ညောင်ရေသွန်းပွဲကို ကျင်းပခဲ့ရာ ယာယီနည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောနောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ ဗုဒ္ဓညောင်ပင်အား အမွေးနံ့သာရည်များဖြင့် သွန်းလောင်းပူဇော်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်