ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ရန်ကုန်မြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ဒါန ကောင်းမှုပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် စည်ကား

လမ်းမတော် ရန်ကုန် မေ ၂၃ 

ယနေ့သည် ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီ၊ ပုထိုးများ၌ ဥပုသ် သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ဒါန ကောင်းမှုပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့ ကြီးမှူးကျင်းပသည့် (၄၁)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် (၅) နာရီခွဲမှ စတင်၍ ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပသည်။ ရှေးဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို စေတီတော်ရင်ပြင်ရှိ ဧည့်ခံတန်ဆောင်း၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ် အသင်းအဖွဲ့များက ဗုဒ္ဓပူဇာအဖြစ် ဗုဒ္ဓမြတ်စွာဘုရားရှင်အား အရုဏ်ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းပူဇော်ပြီး စေတီတော်မြတ်ကြီးအား မြတ်ဘုရား ရွှေတိဂုံဂါထာဖြင့် ရှိခိုးပူဇော်ခြင်း၊ နဝင်္ဂသီလခံယူ ဆောက်တည်ခြင်း၊ ဘုရားတရား၊ သံဃာဂုဏ်တော်များ ရွတ်ပွားပူဇော်ခြင်း၊ မေတ္တာဘာဝနာပွားများ ခြင်း၊ ဆုတောင်းအမျှဝေ သာဓုခေါ်ဆိုခြင်းတို့ ဆောင်ရွက်ကြသည်။ 

ယင်းနောက် ဂေါပကအဖွဲ့ဝင်များသည် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ် အသင်းအဖွဲ့များသည် (၄၁) ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ ကျင်းပရန် စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း စုရပ်မှ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြပြီး အခမ်းအနား ကျင်းပမည့် ရောင်တော်ဖွင့် တန်ဆောင်းနေရာ၌ နေရာယူကြသည်။

ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများက ပရိဘောဂစေတီ (မဟာဗောဓိညောင်ပင်)အား ဗုဒ္ဓါဘိသေက မင်္ဂလာအနေကဇာတင်လှူ ပူဇော်ကြသည်။ ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ  နိုင်ငံတော်သံဃာ့၀န်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမမဟာသဒ္ဒမ္မဇောတိကဇ၊ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ စမ်းချောင်းမြို့နယ် နေနတ်သားစာသင်တိုက် ပဓာန နာယကဘဒ္ဒန္တ သုစိတ္တထံမှ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး ဧည့်ပရိသတ်များက နဝင်္ဂသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးလှမြင့်က ဗောဓိရုက္ခဥဒက ပူဇာမင်္ဂလာစာတမ်းလွှာကို ဖတ်ကြားလျှောက်ထားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တာဝန်ရှိသူများက ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာ့တော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်) ထံမှ  အနုမောဒနာတရား နာကြားပြီး လှူဒါန်းမှုစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့ ဗုဒ္ဓစွယ်တော်တိုက်မှ ဧည့်သည်တော်များ၊ ဘာသာရေး ဝတ်အသင်းဖွဲ့များနှင့် ဘုရာဖူးလာပြည်သူများက ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ဆူးလေစေတီတော်နှင့် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊ သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့တို့က ကြီးမှူးကျင်းပသည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပူဇော်ပွဲများသို့ သွားရောက်ကြပြီး စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြှော်ကြည်ညိုကြပြီး ဗောဓိညောင်ပင်များအား ဘုရားဖူးလာပြည်သူများနှင့်အတူ ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။ ထို့အတူ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်နာခြင်းနှင့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေ သွန်းလောင်းခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် စေတီတော်အတွင်း၌ ကျင်းပရာ  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တကောသလ္လ မြေပုံဆရာတော်နှင့် ပင့်သံဃာတော်များက ဂေါတမရုပ်ပွားတော်မြတ်ရှေ့တွင် ဗုဒ္ဓါဘိသေကအနေကဇာ တင်တော်မူကြသည်။ 

ထို့နောက် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တကောသလ္လ မြေပုံဆရာတော်ထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက နဝင်္ဂသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာကြားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ၍ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တကောသလ္လ မြေပုံဆရာတော်ထံမှ အနုမောဒနာတရား နာကြားပြီးလှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအမျှပေးဝေကြသည်။ ဆက်လက်၍ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်း (၂၃) သင်းတို့မှ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

အလားတူ လောကချမ်းသာအဘယလာဘမုန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်၊ ရွှေဘုန်းပွင့်စေတီတော်၊ ဝရဒါဌာ ဓာတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ မဟာဝိဇယ စေတီတော်၊ သမိုင်း၀င်မဟာဓမ္မရံသိအိမ်တော်ရာစေတီတော်၊ ကျိုက္ကဆံစေတီတော်၊ ဆုတောင်ပြည့်မယ်လမုစေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်လပ်ကြီးဘုရား၊ ကိုးထပ်ကြီးဘုရားတို့၌လည်း သက်ဆိုင်ရာ စေတီတော်ဂေါပကအဖွဲ့ဝင်များ ကြီးမှူး၍ ညောင်ရေ သွန်းလောင်းပူဇော်ပွဲများ ကျင်းပကြရာ ဆရာတော်ကြီးများထံမှ သီလခံယူခြင်း၊ ပရိတ်တရားတော်နှင့် ရေစက်တရားများ နာယူခြင်းပြုလုပ်ကြပြီး ဘုရားဖူးလာပြည်သူများနှင့်အတူ ညောင်ရေသွန်းလောင်းကြကြောင်း သိရသည်။

 ယနေ့က ဆုန်ပြည့်(ဗုဒ္ဓနေ့)တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီ၊ ပုထိုးများ၌ ဘုရားဖူးလာပြည်သူများအား အလှူရှင်များက စတုဒိတာများ ကျွေးမွေးလှူဒါန်းကြရာ အထူးစည်းကားများပြားလျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်(ပြန်/ဆက်)